ပုံပါကျင် ၂၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့၌ မှော်ဘီ-၃ မျိုးစပါးအား Rs to Cs မျိုးစေ့ ထုတ်ရန် SRI ပျိုးသက်နုကောက်ကွက် ကြဲနည်းစနစ်ဖြင့် တောင်သူ ဦးထွန်းစိန်နှင့် ဦးမိုးတို့၏ လယ်မြေ (၉)ဧကတွင် ယမန်နေ့က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
SRI စနစ်ဖြင့် ဆောင်ရွက်စိုက်ပျိုးခြင်းသည် တစ်ဧကအတွက် မျိုးစေ့နို့ဆီဘူး (၁၃)ဘူးမှ (၁၆)ဘူးခန့်သာ အသုံးပြုရသည့်အတွက် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ကောက်ကွက်ကြဲ စိုက်ပျိုးရတာကြောင့် ကောက်စိုက်စရိတ် သက်သာခြင်း၊ ပျိုးသက်(၈)ရက်မှ (၁၅)ရက်အတွင်း ပျိုးပင်များကို ချက်ချင်းနုတ် ချက်ချင်းပြန်စိုက်ရသည့် အတွက်ကြောင့် ကောက်ပင်သန်မြန်ခြင်း၊ ရေသွင်းရေခမ်းစနစ် ပြုလုပ်ပေးခြင်းကြောင့် ရေလိုအပ်မှုနည်းခြင်း၊ အမြစ်ပွားစည်းမှုအားကောင်းပြီး အပင်ပွားများများ ထွက်ခြင်း၊ စပါးနှံအောင်စေ့များခြင်းတို့ကြောင့် ပုံမှန်စိုက်ပျိုးခြင်းထက် (၂၅)ရာခိုင်နှုန်းမှ (၅၀)ရာခိုင်နှုန်း အထိ အထွက်တိုးနိုင်ကြောင်း ပုံပါကျင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီစိုက်နည်းက စပါးမျိုးစေ့၊ ပျိုးနုတ်ပျိုးသယ်နဲ့ ကောက်စိုက်စရိတ်တွေ သက်သာတယ်၊ အရင်စိုက်တဲ့ လယ်တွေထက် တစ်ဧကကို ကျပ်ငါးသောင်းလောက် သက်သာတယ်”ဟု တောင်သူ ဦးထွန်းစိန်က ပြောသည်။
အဆိုပါ SRI စိုက်နည်းစနစ်သည် လေဝင်လေထွက်ကောင်းပြီး အပင်ပွားထွက်နှုန်းကောင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းရာတွင် လွယ်ကူစေခြင်းနှင့် ရိတ်သိမ်းရာတွင် စပါးနှံထိခိုက်မှုနည်းခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)


