နေပြည်တော် ၁၇ ဇူလိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းတို့သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် ရွှေပြည်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ ရပ်ကွက်ပြည်သူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ဝန်ထမ်းများက အချက်အလက်များ ကောက်ယူဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်ပြည်သူ တစ်ဦးချင်းထံ အသီးသီးပေးအပ်ကြသည်။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စဉ်ဆက်မပြတ်ဆောင်ရွက်ထုတ်ပေး လျက်ရှိရာ အဆိုပါဆောင်ရွက်မှုတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ (၃၀)၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့်လဲလှယ်သူ (၂၀)၊ ပျောက် ဆုံး/ ပျက်စီးသဖြင့် မိတ္တူလျှောက်ထားသူ(၃)ဦး၊ စုစုပေါင်း ရပ်ကွက်နေပြည်သူ (၅၃)ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံး၌ ဝန်ထမ်းများက အလုပ်သမား မှတ်ပုံတင်လက်မှတ် လာရောက်လျှောက်ထား သူများအား အချက်အလက်များ မေးမြန်းဖြည့်သွင်း၊ ဆောင်ရွက်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ ဆောင်ရွက်မှုတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ကျား(၁၀၈) ဦး၊ မ (၅၂၂)ဦး၊ စုစုပေါင်း (၆၃၀)အား အလုပ်သမားမှတ်ပုံတင်လက်မှတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဉီများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ် ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် ဦးဝင်းမောင်တို့နှင့်အတူ လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး၌ အလုပ်သမားမှတ်ပုံတင်လက်မှတ် လာရောက်လျှောက်ထားသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဝန်ထမ်းများက ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်၍ ဒေသခံပြည်သူ ကျား(၃၈)ဦး၊ မ(၄၈၅)ဦး၊ စုစုပေါင်း(၅၂၃)ဦးအား အလုပ်သမားမှတ်ပုံတင် လက်မှတ်များ နေ့ချင်းပြီး ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ရုံးအဆောက်အဉီကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ ခရိုင်ဆေးရုံနှင့် တိုင်းရင်းဆေးခန်းတို့၌ အကျုံးဝင် လုပ်သားများအား ကျန်းမာရေး စောင့်ရှောက်ဆေးကုသပေးနေမှုများကိုလည်းကောင်း၊ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းကျောင်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးအဆောက်အဉီများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်သာယာ(အရှေ့) မြို့နယ် ဦးစီးမှူးရုံး၌ (အရှေ့)နှင့် (အနောက်)မြို့နယ်ရှိ ဒေသခံပြည်သူများအား ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒေသခံပြည်သူများထံ တစ်ဦးချင်းပေးအပ်ကြကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ ဆောင်ရွက်မှုတွင် လှိုင်သာယာ (အရှေ့)မြို့နယ် အမှတ်(၅)ရပ်ကွက်၌ အသက် (၁၈)နှစ် ပြည့်ပြီးသူ(၁၀)ဦး၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့်လဲလှယ်သူ (၃)ဦး၊ ပျောက်ဆုံး/ ပျက်စီးသဖြင့် မိတ္တူလျှောက်ထားသူ (၄)ဦး၊ စုစုပေါင်း (၁၇) ဦးကို လည်းကောင်း၊ (အနောက်) မြို့နယ် (၁၆)ရပ်ကွက်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ (၇၇)ဦးကို လည်းကောင်း၊ နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


