ပျဉ်းမနား ၁၆ ဇူလိုင်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပစေရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ပျဉ်းမနားမြို့နယ်လမ်းပိုင်း ရန်ကုန်-တောင်ငူ-မန္တလေး ကားလမ်းဘေးတွင် စိုက်ပျိုးကြကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဆိုပါ ကားလမ်းဘေးဝဲယာရှိ ကျေးရွာများမှ ပြည်သူများနှင့်အတူ ကုက္ကိုပင်ပေါက် (၁၅၀၀)ပင်ကို ရန်ကုန်-တောင်ငူ-မန္တလေး ကားလမ်းဘေးမိုင်တိုင် (၂၁၆)မှ မိုင်တိုင်(၂၂၀)အတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ ရာသီဥတု ပိုမိုကောင်းမွန်လာစေရန်၊ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလာစေရန်နှင့် သစ်တောသစ်ပင်တို့၏ အကျိုးကျေးဇူးအား ပြည်သူများ ပိုမိုသိရှိနားလည်ကာ သစ်တောသစ်ပင်များ ပြုစုပျိုးထောင်စိုက်ပျိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


