မုံရွာ ၁၆ ဇူလိုင်

 

နိုင်ငံတော်၏ Covid-19 Economic Relief Plan အရ ကျေးရွာကုန်ထုတ်လုပ်ငန်း နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် စေရေးလုပ်ငန်းများဖော်ထုတ်ပြီး ၄င်းတို့ ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ချက်ချင်းဝင်ငွေရရှိစေရန်အတွက် Cash for work စီမံကိန်းဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ ကော်မတီဝင်(၄၂)ဦးအား ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းပို့ချပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ၃၀တွင် မုံရွာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မုံရွာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်နှင့် မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးတို့က အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မုံရွာမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက နိုင်ငံတော်က ချမှတ်ထားသောကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယခုလို သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဦးစီအရာရှိ(နည်းပညာ) ဒေါ်ခင်ဖြူဝင်းက ကျေးရွာကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ရမည့် လုပ်ငန်းအဆိုပြု လွှာရေးဆွဲခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ အတွက် စီမံခန့်ခွဲရာတွင် ဗဟုသုတစွမ်းရည်၊ ယုံကြည်ချက်နှင့် အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုများ တိုးတက်လာစေရန်၊ ကျေးရွာကော်မတီများ၏ လုပ်ငန်း တာဝန်များ၊ လိုက်နာရမည့် စည်းကမ်းချက် များသိရှိစေရန်၊ ဝယ်ယူရေးလုပ်ငန်းများ၊ ငွေကြေး စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများ၊ စောင့်ကြည့်ကြီး ကြပ်ရေးလုပ်ငန်းများနှင့် ပုံစံများ အသုံးပြုနားလည်စေရန် စသည့်(CFW) စီမံကိန်းလုပ်ငန်း ရည်ရွယ်ချက်များကို တက်ရောက်လာသော (CFW) ကျေးရွာ(၆)ရွာမှ ကော်မတီဝင် (၄၂)ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

 

Source - ငြိမ်းသူ