ကျောက်ပန်းတောင်း  ၁၀ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အိန္ဒိယဒန့်သလွန်မျိုး စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

အိန္ဒိယဒန့်သလွန်မျိုးများသည် ခြောက်လဒန့်သလွန်ဟုဆိုသော်လည်း ပြုစုမှုကောင်းလျှင် သုံးလနှင့်သီးကြောင်း၊ နှစ်ရှည်ပင်မျိုးဖြစ်ကာ စိုက်ပျိုးပြီး နှစ်လခန့်ကြာလျှင် ခေါင်နှိမ်ဖြတ်ပေးရကြောင်း၊ သို့မှသာ အပင်ထောင်တက် မသွားဘဲ ကိုင်းများဝေကာ အပွင့်ပွင့်နှုန်းနှင့် အသီးသီးနှုန်းကောင်းမည်ဖြစ်ကြောင်း လဲဂွကျေးရွာမှ တောင်သူ ဦးတင်ထွန်းအောင် က ပြောသည်။

 

အိန္ဒိယဒန့်သလွန်ပင်မှ ထွက်ရှိသည့် အသီး၊ အရွက်၊ ကိုင်းတို့အား ကုန်ကြမ်းမှ အဆင့်မြင့်ကုန်ချောထုတ်လုပ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံများမှ ဝယ်လိုအားများလာသော်လည်း ပြည်တွင်းစိုက်ပျိုး ထွက်ကုန်နည်းနေသေးကြောင်း၊ ပြည်တွင်းမှ အိန္ဒိယဒန့်သလွန်ထွက်ရှိမှုများအား မြို့ကြီးများသို့ ဒန့်သလွန်သီး အရေအတွက်နှင့် ရောင်းချနေရပြီး ဒန့်သလွန်သီးတစ်ထောင့်လျှင် ၂၀၀ ကျပ်အထက် ရောင်းချရကြောင်း ရေစကြိုမြို့နယ် ဒန့်သလွန်စိုက်တောင်သူများက ရှင်းပြသည်။

 

ဒန့်သလွန်ပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ အသီးသီးကာ တစ်ခါသီးပြီးလျှင် အရွက်၊ ကိုင်းများခုတ်ယူ ၍ အခြောက်လှန်းကာ ဈေးကွက်သို့ရောင်းချရပြီး စီးပွားဖြစ်စိုက်ပျိုးသူ တဖြည်းဖြည်းများလာကြောင်း၊ အိန္ဒိယဒန့်သလွန်ကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ(မြစ်ခြေ)၊ ဝမ်းတွင်းမြို့နယ်နှင့် ကျောက်ပန်းတောင်း မြို့နယ်တို့တွင် စိုက်ပျိုးမှုများလာကြောင်း သိရသည်။

 

ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာတွင် အိန္ဒိယဒန့်သလွန်မျိုး အပင်ကြီးတစ်ပင်လျှင် ၂၅၀၀ ကျပ်၊ အပင်ပေါက်တစ်ပင်လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း