ကောလင်း ၂၉ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ရေကန်သာအုပ်စု၊ အထက်သီတစ်ရာကျေးရွာသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အဓိကထား လုပ်ကိုင်လျက်ရှိသော်လည်း လယ်ယာလုပ်ငန်းများ ပြီးချိန်တွင် တစ်ပိုင်တစ်နိုင် ဝါးဖျာရက်လုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

 “ဝါးဖျာရက်လုပ်ရန်အတွက်တင်းဝါးကို ပြာသိုလ်လမှာ ခုတ်ယူထားရှိပြီး ပိုးမထိုးအောင် ဆေးဖျန်းပြီး နေပူလှန်းထားရပါတယ်။ ဝါးကို တစ်စစ်ထောင့် ဖြတ်ပြီး သုံးည ရေစိမ်ထားပြီး ရေစိမ်ထားသော ဝါးများကို ဝါးနှီးဖျာပြီး ဝါးနှီးသားများကို ဖျာကြမ်းရက်လုပ်ပြီး ဝါးနှီးကျောကိုတော့ နှီးကျောဖျာရက်လုပ်ကြတာပါ။ ဝါးနှီးသားဖျာ တစ်ချပ်ရဖို့ဆိုရင် ဝါးနှီးသား ၂ ပိဿာကုန်ပြီး ဝါးအနေနဲ့ဆိုရင် တစ်စစ်ထောင့်ဝါး ၁၅ လုံးကုန်ပါတယ်။ ဝါးနှီးကျော ၅ ပိဿာကို နှီးကျောဖျာတစ်ချက်ရရှိပါတယ်။ ဝါးနှီးသားဖျာကို စပါး၊ ငရုပ်၊ မြေပဲလှန်တဲ့အခါမှာသုံးပြီး ဝါးနှီးကျောဖျာကိုတော့ အိပ်ယာခင်းဖျာအဖြစ် အသုံးပြုကြပါတယ်။ ဝါးနှီးသားဖျာ လေးထောင့်ပတ်လည်တစ်ချပ်ကို ငွေကျပ် ၃၀ဝ၀ ဖြင့်ရောင်းပြီး ဝါးနှီးကျောဖျာတစ်ချပ်ကိုငွေကျပ် ၆၀ဝ၀ ဖြင့်ရောင်းရပါတယ်။ ထို့အပြင် စပါးနှင့်စပါးခွံများ သယ်ယူရာတွင် အသုံးပြုလျက်ရှိသော ယိုင်ကိုလည် ရက်လုပ်ကြပြီး အလျား ၁၃ တောင် အနံက ၂ တောင်တောင်သူသုံးယိုင်တစ်ချပ်ဆိုရင် ၇၀ဝ၀ ဖြင့်ရောင်းရပါတယ်။" ဟု အထက်သီတရာ ကျေးရွာမှဝါးဖျာရက်လုပ်ငန်း လုပ်ကိုင်သူ ဦးရဲအောင်က ပြောပြသည်။

 

အထက်သီးတစ်ရာ ကျေးရွာတစ်ရွာလုံးသည် ဝါးဖျာရက်လုပ်ငန်းကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စတင်လုပ်ကိုင်မှသာလျှင် ခဏနားကြပြီး ဝါးဖျာရက်လုပ်ခြင်းလုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြသဖြင့် တစ်ပိုင်တစ်နိုင်ဝါးဖျာရက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)