တောင်ကြီး       ၂၉        ဇွန်

 

ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်း ကျေးရွာများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မြန်မာ ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၌ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန်(ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနှင့် ကလောမြို့နယ်တွင် လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်းကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေ အထောက်အပံ့ဖြင့် ရပ်စောက်မြို့နယ် မြေနီကုန်း ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနက ပူးပေါင်း ကူညီအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အတွင်း စုစုပေါင်းကျေးရွာ (၁၁)ရွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ကျေးရွာများ၏ စံပြဖြစ်သော ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကျေးရွာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အထောက်ကူပြု ပစ္စည်းများ ဖြစ်သည့် လက်ဆေးဘေစင်နှင့် ဆပ်ပြာ(၂၅)စုံ၊ Maskအခုရေ ၄၇၀ဝ၊  အဖျားတိုင်း သာမိုမီတာ  ၁၄ ခုတို့ကို ထောက်ပံ့ပေးအပ်မှာဖြစ်ပြီး၊ ကိုဗစ်-၁၉ အန္တရာယ်မှကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများကို စီမံကိန်း ကျေးရွာ(၁၁)ရွာနှင့် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရုံးများသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူး၊ ဒုပြည်နယ်မှူးနှင့် ခရိုင်ဦးစီးမှူးတို့မှ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူပြီး စီမံကိန်း ကျေးရွာများကိုယ်စား ကလောမြို့နယ်တွင် ဥဿကံကျေးရွာနေ ဦးအောင်နိုင်မိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

(ခရိုင်ပြန်/ဆက်)