ရန်ကုန် ၂၅ ဇွန်
ဇွန် ၂၅ ရက်တွင်ကျရောက်သည့် (၁၀) နှစ်ပြည့် သင်္ဘောသားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား အလှူရှင်များက အစားအသောက်များလှူဒါန်းသည့် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်းအတွင်းရှိ သံပျင်ဆောင်၌ ကျင်းပသည်။
အလှူဒါန်းမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော သင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကျော်အား နေ့လယ်စာအဖြစ် ကြက်သားအုန်းထမင်းနှင့် အအေး တို့ လှူဒါန်းခြင်းဖြစ်သည်။
လှူဒါန်းမှုနှင့်စပ်လျဉ်း၍ အလှူရှင်ဖြစ်သူ Myanma Ocean Win Services Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းငွေက “ နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုကို တစ်ထောင့်တစ်နေရာကပါဝင်တဲ့အနေနဲ့ အခုလို လှူဒါန်း တာပါ။ ညပိုင်းမှာလည်း သူတို့နေထိုင်တဲ့ အဆောင်တွေကိုသွားရောက်ပြီး ချင်းတွင်းဒိုးနဲ့ ဖျော်ဖြေဖို့စီစဉ် ထားပါတယ်။ စောင့်ကြပ်ကြည့်ရှုမှုခံယူနေတဲ့သူတွေအနေနဲ့ စိတ်ခွန်အားတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။
IMO (International Maritime Organization) အနေဖြင့် သင်္ဘောသားများကို အသိအမှတ်ပြု၊ ဂုဏ်ပြုအမှတ်တရရှိနေစေရန် ၂၀၁၀ ခုနှစ် မှစတင်ကာ နှစ်စဉ် ဇွန်လ ၂၅ ရက်နေ့ကို သင်္ဘောသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် သင်္ဘောသားနေ့၏ ဆောင်ပုဒ်မှာ “Seafarers are Key Workers ’’ ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး