နေပြည်တော်  ၁၉  ဇွန်

 

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ သတ်မှတ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးအတွက် နိုင်ငံ့ဝန်ထမ်း အရာထမ်း ၁၃၇၀ ကို ရွေးချယ်ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ ယခုလျှောက်လွှာ ခေါ်ယူ ထားရှိသည့် လစ်လပ်ရာထူး (၂၂၇) နေရာအတွက် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်နှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်များအလိုက် လိုအပ်သည့် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်ရာထူး ၁၃၀၃ နေရာကို တိုင်းဒေသကြီး/ ပြည်နယ်သို့ သွားရောက်၍ ရွေးချယ်ခန့်ထားနိုင်ရေးဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

 

စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြန်တမ်းဝင်အရာရှိ စတင်ခန့်ရာထူးများသို့ ဝင်ရောက်ဖြေဆိုသူများမှ ရေးဖြေအောင်မြင်၍ လူတွေ့စစ်ဆေးခြင်း ခံယူမည့်သူများကို စိတ်အခြေအနေ စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် ဝန်ထမ်းလောင်း ၁၃၆၃ ဦးတို့အား စိတ်အခြေအနေ စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း။

 

ထို့အတူ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အကူအညီတောင်းခံမှုအရ စုစုပေါင်း ဝန်ထမ်း ၁၆၉၃ ဦးအား စိတ်အခြေအနေစစ်ဆေးပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အမှုထမ်းများအား ပြန်တမ်းဝင်အရာရှိများအဖြစ်သို့ တိုးမြှင့်ခြင်းအနေဖြင့် ဌာနတွင်းဝန်ထမ်းများ လုပ်သက်ပြည့် ရာထူးတိုးမြှင့်ပေးသူဦးရေ ၇၁၈၅ ဦးရှိပါကြောင်း၊ ဌာနတွင်း ဝန်ထမ်းများ လုပ်သက်လျှော့ အထူးကိစ္စဖြင့် ရာထူးတိုးမြှင့်ပေးသူ ဦးရေ ၁၀ ဦးရှိပါကြောင်း၊ ပညာအရည်အချင်း လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးသူ ဦးရေ ၁၅ ဦးရှိပါကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ခြင်း ၁၅၂ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက် ဝန်ကြီးဌာန/အဖွဲ့အစည်းသို့ ပြောင်းရွှေ့ခြင်း ၂၃ ဦး၊ အရပ်ဘက် ဝန်ကြီး ဌာန/အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်တမ်းဝင်အရာရှိများ တောင်းခံခြင်း ၃၃ ဦး စုစုပေါင်း ၂၀၈ ဦးရှိပါကြောင်း။

 

ယခုအခါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းများအတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အကဲဖြတ်ခြင်း၊ တက်ကြွစွာ ပါဝင်ဆွေးနွေးမှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်တို့ကို အခြေခံ၍ အကဲဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း၊ အရာထမ်းအခြေခံသင်တန်း၊ အရာထမ်းလောင်းအခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် သင်ယူကျက် မှတ် လေ့လာမှုအကဲဖြတ်ခြင်း၊ အချင်းချင်းအကဲဖြတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်တို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အရာထမ်းငယ်အခြေခံသင်တန်း၊ စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်း၊ စာရေး ဝန်ထမ်းအခြေခံသင်တန်းများတွင် စာမေးပွဲ၊ အချင်းချင်းအကဲဖြတ်မှု၊ စည်းကမ်းနှင့် စိတ်ဓာတ်နှင့် လုပ်ငန်းခွင်ဆိုင်ရာ အရည်အသွေးများတို့ကို အခြေခံပြီး အကဲဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံတော်အစိုးရ၏ စတုတ္ထ ၁ နှစ်တာကာလအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် လေ့ကျင့်ပေးနိုင်ခဲ့သည့် သင်တန်းသားဦးရေ ၁၈၂၇၃ ဦးရှိပါကြောင်း၊ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအနက် ရာထူးမှ ထုတ်ပယ် ခြင်းခံရသူ ၁၇၂၇ ဦးနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းခံရသူ ၈၀၅ ဦး စုစုပေါင်း ၂၅၃၂ ဦးရှိပါ ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းစနစ်ကို ရေးဆွဲနိုင်ခဲ့ ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မပေါင်း ၇ ခုကို ပြင်ဆင်ပေးနိုင်ခဲ့ပါ ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ တင်ပြရလျှင် နိုင်ငံခြားပညာတော်သင်ဆိုင်ရာ ကိစ္စရပ်များအနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ကာလတို သင်တန်းများ၊ ဘွဲ့/ဒီပလိုမာ သင်တန်းများသို့ စုစုပေါင်း ၄၃၈၀ တို့ကို ခွဲဝေ ပေးခဲ့ပါကြောင်း။

 

အစိုးရဝန်ဆောင်မှုများအပေါ် ပြည်သူများ၏ သဘောထား အမြင်စစ်တမ်းကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်ထောင်စု ၂၅၂၀ သို့ စစ်တမ်း ကောက်ယူခဲ့ပြီး စစ်တမ်း အစီရင်ခံစာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်မှုနှင့်အညီ တရားဝင်ထုတ်ပြန် ကြေညာနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် စီမံခန့်ခွဲမှု အရာထမ်းခေါင်းဆောင်မှုဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်စာတမ်းကို မြန်မာ/အင်္ဂလိပ် (၂)ဘာသာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ ပြီး လမ်းညွှန်မှုနှင့် အညီ ဝန်ကြီးဌာနအသီးသီးသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း။

 

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အား ပြန်လည်သုံးသပ်ကာ ပိုမိုကောင်းမွန်အောင် ပြုစုပြီး နိုင်ငံ့ ဝန်ထမ်းများ လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အားပေးခြင်းစနစ်များနှင့် လုပ်ထုံး လုပ်နည်းများ အဆိုပြုတင်ပြခြင်းတို့ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီး တင်ပြချက်များနှင့်အညီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများ သို့  သဘောထားမှတ်ချက် ပြန်ကြားပေးပို့ထားပါကြောင်း။

 

e-Government လုပ်ငန်းများ တိုးတက်ရေး အကောင်အထည်ဖော်‌ ဆောင်ရွက်မှုများ အနေဖြင့် ပြန်တမ်းဝင်အရာရှိ ဝင်ပေါက်ရာထူးများ လျှောက်လွှာတင်သွင်းရာတွင် Online Application System (OAS) စနစ်ဖြင့် Service ပေးခြင်း၊ အဖွဲ့၏ Website-  www.ucsb.gov.mm နှင့် Facebook Account- Union Civil Service Board Myanmar တွင် အဖွဲ့၏အချက်အလက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများ အပြင် Mobile App ဖြင့် ဝင်ပေါက် ရာထူးများဆိုင်ရာ အချက်အလက်များ ကြည့်ရှုနိုင်ရန် Application Package (APK) ရေးဆွဲ လွှင့်တင်ထားပါကြောင်း။

 

e-Library စနစ်ကို အဖွဲ့နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတွင် ဆောင်ရွက် ထားရှိခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် သင်ခန်းစာများကို Blended e-Learning System ဖြင့် ပို့ချသွားနိုင်ရေး ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် သင်ကြားနေမှု Video Clip များ ရိုက်ကူး ကာ သင်တန်းသားများမှ  Wifi ဖြင့် Download ရယူ၍ ကြိုတင်ဖတ်ရှုလေ့လာနိုင်ရေး စီစဉ်ထားရှိခြင်း၊ Online ဖြင့် သင်တန်းသား အချင်းချင်း  အကဲဖြတ်အမှတ်ပေးစနစ်ကို အသုံးပြုခြင်း၊ Learning Management System (LMS)ကို အသုံးပြု နိုင်ရန် စီမံဆောင်ရွက်လျက်ရှိခြင်း၊ စာမေးပွဲများ ဖြေဆိုစေခြင်း၊ UN-APCICT မှ Module (1) မှ (10)အထိ အကြောင်းအရာများကို သင်တန်းအလိုက် ICT သင်ခန်းစာများအဖြစ် ပြန်လည် ပို့ချခြင်းတို့ကို ဆောင်ရွက်ထားပါကြောင်း။

 

ထို့အတူ e-Government စီမံကိန်းဖြစ်သည့် e-Recruitment and Integrated Civil Service System ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းများကို ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ယာယီပိတ်ထားခဲ့ပါကြောင်း၊ ကြားကာလတွင် အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချနိုင်ရန်အတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ အသင့်ဖြစ်နေပြီဖြစ်ပါ ကြောင်း။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ မျှော်လင့်ထားရှိ သည့် အကျိုးရလဒ်များကို တင်ပြရလျှင် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို အဆင်ပြေ ချောမွေ့စေရေး၊ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးနှင့် အချိတ်အဆက်မိမိ လည်ပတ်နိုင် စေရေး ဆောင်ရွက်ပေးလိုသည့် နိုင်ငံ့ဝန်ထမ်းများအား ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် သင်ယူမှုနှင့် သင်တန်း နည်းစနစ်များ၊ နည်းလမ်းများနှင့်အတူ စိတ်ဓာတ်ခံယူချက်များ ပြောင်းလဲ လာကာ ခေါင်း ဆောင်မှု ပိုမို ခိုင်မာအားကောင်း လာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍသည် ပွင့်လင်းမြင်သာမှုရှိလာပြီး နိုင်ငံ့ဝန်ထမ်းများကို ပြည်သူများမှ ယုံကြည်အားကိုးမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက လက်ရှိနိုင်ငံ့ဝန်ထမ်းအင်အား၊ နှစ်စဉ် အသစ်ခန့်အပ်သည့် ဝန်ထမ်းဦးရေ၊ အငြိမ်းစားယူသည့်ဦးရေနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သည့် ဦးရေ မည်မျှရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော် မပါဝင်ဘဲ အရာထမ်းစုစုပေါင်း ၉၇၄၄၃ ဦးနှင့် အမှုထမ်းစုစုပေါင်း ၉၂၀၃၈၅ ဦးရှိပါကြောင်း၊ တစ်နိုင်ငံလုံး၌ ခန့်ထားပြီး အရာထမ်းအမှုထမ်းစုစုပေါင်း ၁၀၁၇၈၂၈ ဦးရှိပါကြောင်း၊ တစ်နှစ်အတွင်း ရာထူးမှ ထုတ်ပယ်လိုက်သောဝန်ထမ်းနှင့် လျော့နည်းသွားသော ဝန်ထမ်းစုစုပေါင်းမှာ ၂၅၃၂ ဦးရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက ဝန်ကြီးဌာနများ၌ နေ့စားအဖြစ် ကာလကြာမြင့်နေသည့် ဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ရန် အစီအစဉ် ရှိ/မရှိ၊ ဌာနဆိုင်ရာ အကြံပေးခန့်အပ်မှုအခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများ ဝန်ကြီးဌာန၊ အဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မှုအခြေအနေ၊ ရာထူးအဆင့် သတ်မှတ်မှုနှင့် လစာနှုန်းထားများ၊ နိုင်ငံ့ဝန်ထမ်းတာဝန်နှင့် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ခြေရှိသည့် အခြေအနေတို့အပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် သုံးသပ်ဆောင်ရွက်နေမှု၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားမှု ရှိ/မရှိနှင့် ချမှတ်သွားရန် ရှိ/မရှိ၊ တပ်မတော်မှ အရပ်ဘက်ဝန်ကြီးဌာနများသို့ နှစ်အလိုက် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ရာထူးခန့်အပ်မှု အခြေအနေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဉီးအနေဖြင့် နိုင်ငံ့ဝန်ထမ်းအပြင် ပြင်ပစီးပွားရေးတစ်ခုအား လုပ်ကိုင်နိုင်ခွင့် ရှိ/မရှိ၊ အသစ်ထုတ်ပြန်သည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်တွင် နိုင်ငံ့တာဝန်နှင့် အကျိုးစီးပွားကို တားဆီးနိုင်ရန်အတွက် မည်သည့်အချက်များ ထည့်သွင်းရေးသားထားသည်ကို သိရှိလိုကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

သတင်းစဉ်