မန္တလေး ၅  ဇွန် 

 

ရှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဒေသများမှ ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ရာသီပေါ်သီးနှံ နာနတ်သီးများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ သိရသည်။

 

"ဇွန်လဆန်းကစပြီး နာနတ်သီးတွေ မန္တလေးဈေးကွက်ကို စတင်ဝင်ရောက်လာနေပါပြီ။ ပေါ်ခါစဆိုတော့ အလုံးရေ အနည်းငယ်ပဲ ကားကြုံတင်ပို့တဲ့သဘောနဲ့ မန္တလေးပွဲရုံတွေကို ဝင်လာကြတာပါ။ ပေါ်ဦးပေါဖျားဆိုပေမယ့် ကိုဗစ်ရောဂါ ဂယက်ကြောင့် အဖွင့်ဈေးလည်းမကောင်းဘူး။ မနှစ်က ယခုလိုပေါ်ခါစမှာ တစ်လုံးကို ၄၀၀ ကျပ်နဲ့ ၅၀၀ ကျပ်လောက် ရပေမယ့် ဒီနှစ်မှာတော့ ၂၅၀ နဲ့ ၃၀၀ ကျပ်လောက်သာ ပေါက်ဈေးရှိနေတဲ့အတွက် ဒီအချိန်မှာ ကျွန်မတို့ ပွဲရုံတွေအနေနဲ့ ဈေးဖြတ်ပြီး မဝယ်ဘဲ တောင်သူတွေကိုပဲ  ရတဲ့ဈေးနဲ့ ရောင်းပေးနေပါတယ်။ 

 

ဒီနှစ်မှာ ကိုဗစ်ရောဂါကြောင့် နာနတ်သီးသာမကပဲ သစ်သီးဈေးကွက်အားလုံး စီးပွားရေး အဆင်မပြေကြတဲ့အတွက်အရောင်းအဝယ် ကောင်းမွန်ခြင်းမရှိပါဘူး။  ဝယ်ယူစားသုံးမှု နည်းတဲ့အတွက် ၅၀၀ကျပ်လောက်တန်တဲ့ အသီးအနှံတစ်ခုကို ၁၀၀ ကျပ် ၂၀၀ကျပ်နဲ့ ရောင်းပစ်နေရတယ်။ ဒီလိုမှ မရောင်းရင်လည်း အမှည့်လွန်ပြီး ပုပ်သွားလို့ လွှတ်ပစ်ရမှာပါ။ ဒါ့ကြောင့် အဆုံးမခံပဲ အရှုံးခံတဲ့အနေနဲ့ ရသလောက်နဲ့ရောင်းလိုက်ရတယ်" ဟု မန္တလေးမြို့ ၇၉ လမ်းနှင့် လမ်း၈၀ကြား လမ်း ၃၀ ရှိ မနောသုခ သစ်သီးပွဲရုံပိုင်ရှင်က ပြောသည်။

 

ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်နှင့် နမ့်ဆန်ဒေသများတွင် ပြောင်းသီးနှံဈေးများ ကောင်းမွန်ခြင်းမရှိသဖြင့် ယခုနှစ်တွင် နာနတ်သီးကို ပြောင်းလဲစိုက်ပျိုးလာကြသည့်အတွက် စိုက်ဧကများ တိုးပွားလာသည့်အပြင် စိုက်ပျိုးနည်းစနစ်သစ်များဖြင့် ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့် အထွက်နှုန်းကောင်းမွန်လာခြင်းဖြစ်ကြောင်းနှင့်  ဇွန် ဒုတိယပတ်အတွင်း သီပေါနှင့် လားရှိုးဒေသများမှ နာနတ်သီးများ စတင်ထွက်ရှိလာတော့မည်ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း နာနက်သီး စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောသည်။

 

"ဒီနှစ်မှာ နာနတ်သီးကို ရှမ်းပြည်မြောက်ပိုင်းက စိုက်ဧက သုံးသောင်းလောက် စိုက်ပျိုးထားကြတယ်။ စိုက်ပျိုးနည်း စနစ်သစ်နဲ့လည်း တစ်ဧကကို အပင် နှစ်သောင်း ဝင်ဆံ့အောင် စိုက်ပျိုးထားတဲ့ စိုက်ဧက ကလည်း ၅၀၀၀ လောက်ရှိတဲ့အတွက် အရင်နှစ်တွေထက် အထွက်နှုန်းများမှာပါ။ လက်ရှိမှာတော့ စထွက်လာတဲ့ နာနတ်သီး အလုံးရေ ၁၀၀၀-၂၀၀၀ လောက်ကို တခြားကုန်ကားတွေနဲ့ လမ်းကြုံသဘောမျိုး ဈေးကွက်ကို နည်းနည်းစီတင်ပို့နေပါပြီ။ ဒီနှစ်မှာ တရုတ်နိုင်ငံကို တင်ပို့ခွင့်မရရင်တော့ ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းမရနိုင်ဘူး" ဟု ၎င်းကပြောသည်။

 

ယမန်နှစ်က ယခုလို ဇွန်လအတွင်း နာနတ်သီးထွက်ပေါ်သည့်ရာသီတွင် နှစ်နိုင်ငံ သဘောတူညီမှု သီးနှံစာရင်းတွင် နာနတ်သီး မပါဝင်သေးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ကန့်သတ်လိုက်သည့်အတွက် တောင်သူများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ ရောင်းချခွင့်ရနိုင်ရန် မျှော်လင့်ချက်ဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသများရှိ နာနတ်သီးစိုက်တောင်သူများမှ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)