ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၀) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်   ၂၂   မေ 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နှစ်စဉ် (၂)ကြိမ် ကျင်းပလေ့ရှိပြီး ဖြစ်လာနိုင်သည့် သဘာဝဘေးအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကို ညှိနှိုင်းတိုင်ပင်ဆောင်ရွက်လျက်ရှိပါကြောင်း။

လတ်တလောတွင် COVID-19 ကူးစက်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ်သော်လည်း လာမည့်မိုးရာသီကာလတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးများအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များ၊ အပူရှိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အန္တရာယ်များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ထည့်သွင်းစဉ်းစား ကြိုတင်ပြင်ဆင်ထားနိုင်ရေး စသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးလိုသည့်အတွက် ယခုကဲ့သို့ Video Conferencing ဖြင့် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း။

COVID-19 ကူးစက်ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် Novel Coronavirus ကြောင့် ပထမဆုံး သေဆုံးသည့်လူနာကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၁၃ ရက်တွင် တရုတ်နိုင်ငံ ပြင်ပ(ထိုင်းနိုင်ငံ)တွင် ပထမဦးဆုံး   ကူးစက်မှုကို အတည်ပြုနိုင်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် WHO က “Public Health Emergency of International Concern” အဖြစ် တရားဝင်ကြေညာခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် COVID-19 ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး ကူးစက်ပြန့်ပွားနေပြီး ယနေ့ ၂၀၂ဝ ပြည့်နှစ် မေ ၂၂ ရက် WHO စာရင်းအရ အတည်ပြုလူနာ ငါးသန်းကျော်နှင့် သေဆုံးသူ သုံးသိန်းသုံးသောင်း ကျော် ရှိပြီဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော Coronavirus Disease–2019  (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် ဒုတိယသမ္မတ-၁ ဦးဆောင်သော Coronavirus Disease–2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကိုလည်းကောင်း ဖွဲ့စည်းပြီး COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထိရောက်သော ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 ကူးစက် လူနာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂ဝပြည့်နှစ် မေ ၂၁ ရက် စာရင်းအရ Positive (၁၉၉)ဦး၊ ပြန်လည်ကျန်းမာလာသူ (၁၀၈)ဦးနှင့် သေဆုံး (၆)ဦး ရှိပါကြောင်း။

ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလတွင် လူစုလူဝေး ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်ဖြစ်သည့်အတွက် အရေးတကြီးပြုလုပ်ရန် လိုအပ်သော အစည်းအဝေးများကို Video Conferencing ဖြင့်လည်းကောင်း၊ မဖြစ်မနေ စုစည်းတက်ရောက်ရမည့်သူများအတွက် တစ်ဦးနှင့်တစ်ဦး ၃ ပေမှ ၆ ပေအကွာ နေရာချထားခြင်း၊ mask နှင့် hand gel များ အသုံးပြုနိုင်ရေး စီစဉ်ထားပေးခြင်းဖြင့် လည်းကောင်း ကျင်းပပြုလုပ်နေကြရပါကြောင်း။

မကြာမီကာလတွင် မိုးဦးကာလ ကျရောက်တော့မည်ဖြစ်သည်နှင့်အညီ နှစ်စဉ်ကြုံတွေ့နေကြ လေပြင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြို/ ကမ်းပြိုဘေး၊ မိုးကြိုးဘေး စသည့်ဘေးများနှင့် မမျှော်မှန်းနိုင်သော  ငလျင်ဘေးတို့အတွက် အမျိုးသားအဆင့် ကော်မတီအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းကြရမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် ရာသီဥတုပူပြင်းမှုကြောင့် မိုးခေါင်ရေရှားဘေး၊ မီးဘေးနှင့် လေပြင်းဘေး စသည်တို့ကို နိုင်ငံတစ်ဝန်း ခံစားနေကြရပြီး ပူပြင်းခြောက်သွေ့မှုနှင့် ရေရှားပါးမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများအပေါ် ရိုက်ခတ်ပြီး ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေရသည်ကို တွေ့မြင်နေရပါကြောင်း။

အဆိုပါ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပြင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် COVID-19 ကြောင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို ထပ်တိုး၍ ခံစားနေကြရခြင်းကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြဖြစ်သည့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများအပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အခြေခံအကျဆုံးအနေဖြင့် လတ်တလောတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် COVID-19 အသိပညာ ပေး လုပ်ငန်းများ၌ လာမည့်မိုးရာသီကာလတွင် ဖြစ်လာနိုင်သည့် သဘာဝဘေးများနှင့် ပတ်သက်သော အသိပညာပေးမှုများကိုပါ ထည့်သွင်းပြောကြားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာများသာမက သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုပါ သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်မည်ဖြစ်ပါကြောင်း။ 

ပုံမှန်ထောက်ပံ့မှုများအပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ထည့်သွင်းထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ လတ်တလောတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြီး IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသူများအတွက် Surgical mask များ၊ ပြန်လည်လျှော်ဖွတ်နိုင်သောအဝတ် နှာခေါင်းစည်းနှင့် ပါးစပ်စည်းများ၊ ဘေစင်များ၊ ဆပ်ပြာများ၊ လက်သန့်ဆေးရည်များ၊ ပိုးသတ်ဆေးများ၊ ထုံးအိတ်များ စသည်တို့ ထောက်ပံ့ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သဘာဝဘေးဖြစ်ပွားလာသည့်အခါ ပထမဆုံး ရင်ဆိုင်ဖြေရှင်းရမည့် သူများဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလော အခြေအနေအရ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစား စီမံဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ထိုသို့ စီမံဆောင်ရွက်ရာတွင် Coronavirus Disease–2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် Coronavirus Disease–2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ လမ်းညွှန်မှုနှင့်အညီ ဝန်ကြီးဌာနအသီးသီး၏ ညှိနှိုင်းချက်များကိုပါ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့် အချက်အလက်များကိုလည်း ယနေ့ အစည်းအဝေးတွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့အားလုံးသည် ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုများနှင့်အတူ မမျှော်မှန်းနိုင်သော ပြင်းထန်သည့် သဘာဝဘေးအမျိုးမျိုးကို ခံစားနေရပြီး တစ်ချိန်တည်းမှာပင် ကူးစက်ရောဂါ ကပ်ဘေးများ၊ ပဋိပက္ခဘေးများ စသည်တို့ပါ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ကြိုတင်စီမံ ဆောင်ရွက်မှုများတွင် သမရိုးကျဖြစ်စဉ်များအတွက်သာမက အခြေအနေ၊ အချိန်အခါအရ ရင်ဆိုင်ကြုံတွေ့ရမည့် ဖြစ်စဉ်များအတွက်ပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ယင်းသို့လိုအပ်သည်ကိုလည်း ယနေ့ သဘာဝဘေးနှင့် COVID-19 ကူးစက် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် သိသာထင်ရှားစွာ နားလည် သဘောပေါက်လာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသူများက COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အတူ လာမည့်မိုးဦးကျကာလ ကြုံတွေ့လာနိုင်မည့် သဘာဝဘေးဖြစ်စဉ်များအတွက် မည်ကဲ့သို့ အကောင်းဆုံး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြမည်ဆိုသည်ကို ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပေးကြရန်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူများစုဖွဲ့ထားရှိမှုနှင့် ပစ္စည်းများ အသင့်ပြင်ဆင်ထားမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  လုံခြုံရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်သွားမည့်အစီ အစဉ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘေးဒုက္ခခံရသည့် ပြည်သူများကို ထောက်ပံ့ကူညီရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေ၊ လာမည့်မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က (၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ရန်ပုံငွေများ စနစ်တကျ သုံးစွဲရေး၊ ပညာပေးရေး၊ အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ရာသီအလိုက်၊ နေရာဒေသအလိုက် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအား ထိရောက်စွာ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

‌ေ


ယင်းနောက် စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက video Conferencing ဖြင့် ချိတ်ဆက်၍ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ဘဏ္ဍာရန်ပုံငွေ ထည့်သွင်းလျာထားသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ အတွင်းရေးမှူး မိုးလေဝသပညာရှင် ဦးချစ်ကျော်တို့က ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး၊ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

အစည်းအဝေးသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက video Conferencing ဖြင့် ချိတ်ဆက်၍ တက်ရောက်ဆွေးနွေးတင်ပြကြသည်။

သတင်းစဉ်