ရန်ကုန် ၁၃ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနကို နေ့စဉ် ဖွင့်လှစ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သောအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် (ယာယီ) ကျန်းမာရေးစစ်ဆေးမှုဌာနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ခုနှစ်၊ ဧပြီ(၂)ရက်နေ့မှ စတင်၍ အများပြည်သူအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် နေရာလည်းဖြစ်သည်။
အဆိုပါ ဆေးခန်းကို အင်းစိန်မင်းကြီးလမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး၊ အင်းစိန်မြို့နယ်ခန်းမတွင် နေ့စဉ် နံနက်(၉) နာရီအချိန်မှ နံနက်(၁၁)နာရီ အချိန်အထိ ဖွင့်လှစ်ထားရှိပြီး အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲဉက္ကဌ ကိုစည်သူနှင့် တွဲဖက်တာဝန်ခံ ကိုနီထွန်းတို့က တွဲဖက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဆေးခန်းသို့ လာရောက်ကုသခံ သူများထဲတွင် သံသယရှိသည့် ဟု ယူဆရသူများကို စူပါဆန်းဒေး လူမှုကူညီရေးအသင်းမှ ဉက္ကဌ ကိုသူရိန်ထွန်းနှင့်အဖွဲ့ဝင်များက အင်းစိန်ဆေးရုံသို့ တာဝန်ယူ ပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါဆေးခန်းသို့ ယနေ့ထိလာရောက်ပြသခံသူ (၁၂၈၁)ဦးရှိပြီး သံသယရှိလူနာ(၇၆)ဦးကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှ ကိုဗစ်-၁၉ ရောဂါပိုး (၅)ဦးတွေ့ရှိခဲ့ပြီဖြစ်သည်။ အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မေလ(၁၃)ရက်နေ့အထိ (၄၄)ဦးမြောက်ရှိပြီး ဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူတို့၏ နေအိမ်နှင့်လမ်းတို့ကို အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ထားရှိရာ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများဟု ယူဆရသူများကို နေအိမ်အသွားအလာ ကန့်သတ်ခြင်းနှင့် Quarantine Center များသို့ အသီးသီးပို့ဆောင်ကာ အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်ထားရှိလျက်ရှိသည်။
အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂)လွှတ် တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများသည် နေ့စဉ် အင်းစိန်မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော အင်းစိန် (ယာယီ) ဆေးခန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊တာဝန်ခွဲဝေချထားမှု အခြေအနေများကို ကြည့်ရှုပြီး ကျန်းမာရေးအသိတရား ရှိရှိ ထိတွေ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စသည်တို့ကို ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများကိုလည်း စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ဈေးဌာန မြောက်ပိုင်းခရိုင်မှ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများသည် ဈေးရောင်းသူများ၊ ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက် မပြန့်ပွားစေရန် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ လက်အိတ်များ ဝတ်ဆင်ခြင်းများကို နေ့စဉ် ဈေးများ အလှည့်ကျ လိုက်လံစစ်ဆေး လျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့်ဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဈေးကားဖြင့် အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ဆား၊ ကြက်ဉ စသည့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်များသို့ လိုက်လံရောင်းချ ပေးလျက်ရှိပြီးရောင်းချရာတွင် နေ့စဉ် နေ့လယ်(၁၂)နာရီအချိန်မှ ညနေ(၆)နာရီအချိန်ထိ ပြည်သူများ မှ ဖုန်းဆက်၍ မှာကြားခဲ့သည့် စားသောက်ကုန်များကို အင်းစိန်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီမှ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များ အတွင်းရှိ လမ်းများ၊ လူစည်ကားရာ နေရာများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


