ကျိုင်းတုံ ၂၀ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်ချုပ်ရေးနှင့် ဒေသခံပြည်သူများ နေ့စဉ် စားသုံးမှုအဆင်ပြေစေရေး ကျိုင်းတုံမြို့မဈေး၊ ပျံကျဈေး၊ မြို့တွင်းဈေးများတွင် စည်းကမ်းချက်များနှင့်အညီ စနစ်တစ်ကျရောင်းချလျက်ရှိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့မဈေးကြီးရှိ ဈေးဆိုင်ခန်း များအနက် အထည်/ အလိပ်၊ ထီး၊ ဖိနပ် စသည့်  အလှကုန်၊ လူသုံးကုန်များ၊ စားသောက်ဆိုင်များကို ဧပြီလကုန်အထိ ဖွင့်လှစ် ရောင်းချခွင့်မပြုသေးဘဲ  ဟင်းသီး ဟင်းရွက်၊ အသား /ငါး ဆေးဆိုင်များ နှင့် ကုန်ခြောက်/ ကုန်မာ (ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက် စသည့်) ကုန်များ ရောင်းချသည့် ဈေးဆိုင်ခန်းများကို   ဧပြီ ၂၀ ရက် ကစတင်၍ နေ့စဉ် ဈေးအဖြစ်  စည်းကမ်းများနှင့်အညီ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကျိုင်းတုံမြို့ပေါ်ရှိ နောင်ကွမ် ဈေး၊ ယန်းခမ်းဈေး၊ မြို့သစ် အခွန်လွတ်ဈေး၊ နောင်နွန်းဈေးများအား ဧပြီ ၁၉ ရက်မှ စ၍ သတ်မှတ်စည်းကမ်းများနှင့်အညီ  နေ့စဉ် ဈေးအဖြစ် ပြန်လည် ရောင်းချလျက်ရှိရာ ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက နှာခေါင်းစည်း၊ လက်အိတ်များဝတ်ဆင်ရန်၊ သတ်မှတ်အကွာအဝေးမှ ရောင်းချဝယ်ယူရန်၊ ကျန်းမာရေးသတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းဝယ်ရန်   အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)