ငါ့သရောက် ၁၉ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် နွားစာရှားမှုစတင်ကြုံလာခြင်းကြောင့် ထန်းနို့များ နွားစာအဖြစ် ကျွေးနေရကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် အပူပိုင်းရပ်ဝန်း မိုးခေါင်ဒေသတွင်ပါဝင်ကာ တစ်နှစ်ပတ်လုံးမှ မိုးရေချိန် နှစ်ဆယ်လက်မအောက်သာ ရွာသွန်းသည်ဆိုသော်လည်း နှစ်စဉ်နှစ်တိုင်း ငါ့သရောက်မြို့ မြေသားမိုးရေကန်များ ရေပြည့်မှုမရှိဘဲ မိုးဥတုကုန်ပြီးပြီးခြင်းမှာပင် ငါ့သရောက်မြို့နယ်ရှိ မြေသားရေလှောင်ကန်များ ခန်းခြောက်သွားကြကြောင်း၊ နှစ်စဉ်နှစ်တိုင်း ငါ့သရောက်မြို့နယ် ကျေးလက်တောရွာများတွင် နွားစားအခက်အခဲ ကြုံရခြင်းကြောင့် နွေဦးပေါက်မှပင်စတင်ကာ တမာရွက်၊ ထနောင်းရွက်၊ ထန်းသီး၊ ထန်းနို့များခူးကာ မြေပဲမှော် (မြေပဲရိုးခြောက်)၊ ပြောင်းရိုးခြောက်များဖြင့် ရောကျွေးရကြောင်း သိရသည်။

 

ငါ့သရောက်မြို့တွင် လွတ်ကျောင်းသည့် နွားများအတွက်ပင် နွားစာရှားပါးနေရာ ခိုင်းနွားများအတွက် ရောနှောကျွေးနိုင်သည့် ညောင်ရွက်၊ ပင်ခံရွက်၊ ကုက္ကိုရွက်၊ ဖက်ဝန်းရွက်၊ ရှားရွက်၊ တမာရွက်၊ ထနောင်းရွက်များအား ခိုင်းနွားများကျွေးရန် လိုက်လံခူးချိုးရကြောင်း၊ ထန်းနို့ထွက်ချိန်၊ ထန်းသီးသီးချိန်မှသာ နွားစာအတွက် အဆင်ပြေကြကြောင်း ဆင်သားမွေးကျေးရွာ ဦးစိုးနိုင်က ရှင်းပြသည်။ ထန်းနို့များတုံးချိန်တွင်လည်း ထန်းသီးပေါ်လာခြင်းကြောင့် နွားစာရှားပါးသော်လည်း ထန်းသီး၊ ထန်းနို့အစားထိုးကျွေးနေပြီး ကျန်သည့်သစ်ရွက်စိမ်းများချိုးကာ ရောနှောကျွေးခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း နွားစာရှားပါးမှုကို အစားထိုးဖြေရှင်းနေရကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကပြော၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)