မြန်မာ့ရုပ်ရှင်ကို ကြည့်ရှုခံစား ဂုဏ်ပြုခြင်းဖြင့် ...

mdn

နေပြည်တော် ၅ ဧပြီ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာ သင်္ကနြ်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်နှင့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့် သတ်မှတ် သွားမည်ဟု နိုင်ငံတော်သမ္မတရုံးမှ မတ်လ ၁၃ ရက်နေ့တွင် ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန် ထားသည်။

 

ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်ရောဂါဖြစ်၍ ထိုသတင်းထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအတွင်း ပြုလုပ်ဆဲ၊ ပြုလုပ်မည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ ပြုလုပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ရောဂါကြောင့် ပွဲလမ်းသဘင် အခမ်းအနားများကို ရပ်ဆိုင်းခဲ့ရသဖြင့် ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုများ ရှိသည်ဆိုသော်လည်း အများပြည်သူရောဂါမဖြစ်ရေး၊ ရောဂါကြောင့် အသက်သေဆုံးမှု မဖြစ်ရေး၊ လျော့နည်းရေးတို့ကို အထောက်အကူပြုသဖြင့် အနှစ်နာခံရကျိုးနပ်မည် ဖြစ်သည်။

ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ရဟုဆိုသော်လည်း လူအများစုဝေးခြင်းမပြုဘဲ လူမှုကွန်ရက် မျက်နှာစာများ၊ မီဒီယာများမှတစ်ဆင့် လူအများအား အသိပေးလှုံ့ဆော်ခြင်းသည် မိမိတို့ ရည်ရွယ်ချက် ကို တစ်နည်းတစ်ဖုံ အထောက်အကူဖြစ်စေသည်။ ယခုအခါ ပြည်သူလူထုနှင့် ကိုယ်တိုင်ထိတွေ့ ဆက်ဆံမှု မပြုလုပ်ဘဲ အင်တာနက်မျက်နှာစာများ၊ မီဒီယာများမှတစ်ဆင့် မိမိတို့၏လိုလားချက်များ၊ ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြန်အလှန် ဝေမျှနိုင်သည်ကိုတွေ့ရသည်။ နည်းပညာ တိုးတက်လာသောခေတ်ဝယ် ပြည်သူလူထုများနှင့် ထိတွေ့နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံနိုင်ခြင်း သည် လူချင်းမနီးသော်လည်း စိတ်ချင်းနီးအောင်ပြုလုပ်နိုင်သည့် အကျိုးရလဒ်များဖြစ်သည်။

 

ပြည်သူလူထုအနေဖြင့် ယခုအချိန်အခါ၌ လူစုလူဝေးဖြင့်ပြုလုပ်သော ပွဲလမ်းသဘင်များ ရပ်ဆိုင်း ထားသည်ဆိုသော်လည်း ဆက်သွယ်ရေး နည်းပညာ၊ လူထုဆက်သွယ်ရေးပညာ အကျိုးကျေးဇူး များကြောင့် အသိပညာပေးရေး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မိမိတို့သိရှိခံစားလိုသည်များကို ရွေးချယ်ကြည့်ရှုနိုင်ကြပြီဖြစ်သည်။ အထူးသဖြင့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများ၊ အနုပညာ ဖျော်ဖြေ တင်ဆက်မှုများ၊ ဆွေးနွေးပြောဆိုမှုများကို ခံစားကြည့်ရှုနိုင်ခြင်းသည် လူချင်းမနီးသော်လည်း စိတ်ချင်း နီးစေနိုင်သည့် ဆောင်ရွက်ချက်များဖြစ်သည်။

 

ယခုအခါ မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ကာလကို ဖြတ်သန်းနေပြီဖြစ်ရာ လူအများစုဝေး၍ အခမ်းအနားများ၊ ပွဲလမ်းများ၊ ဖျော်ဖြေမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း မီဒီယာ မျက်နှာစာပေါ်မှ ကြည့်ရှုခံစားလေ့လာနိုင်ကြပြီဖြစ်သည်။ ရုပ်ရှင်အနုပညာ ဖျော်ဖြေတင်ဆက်မှုသည် ပြည်သူတို့၏ စိတ်နှလုံးသားကို တက်ကြွလန်းဆန်းမှုကိုဖြစ်စေသဖြင့် ယခုကဲ့သို့ ပြည်သူလူထု၏ စိတ်ခံစားချက်များ၊ လူမှုဘဝနေထိုင်မှုများ မွန်းကျပ်နေချိန်တွင် မီဒီယာများမှတစ်ဆင့် ရုပ်ရှင်ဗီဒီယို အနုပညာရပ်များ ဖျော်ဖြေတင်ဆက်ပေးခြင်းမှာ ရုပ်ရှင်နှင့်မီဒီယာသည် ပြည်သူ့အကျိုးပြုတာဝန်ကို လိုအပ်သည့်အချိန်တွင် ထမ်းဆောင်ပေးခြင်းဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်သည် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ကာလဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ရာပြည့် ပွဲလမ်းသဘင်အခမ်းအနားများကို မကျင်းပနိုင်သေးမီကာလအတွင်း မီဒီယာမျက်နှာ စာများပေါ်မှ မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ကာလအတွင်း ထင်ရှားကျော်ကြား လူကြိုက်များသော ရုပ်ရှင် ဖန်တီးသူများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်ဇာတ်ကားများကို မိမိတို့၏ နေအိမ်တွင်ပင် ကြည့်ရှု ခံစားခြင်းသည် ရောဂါဘေးကာကွယ်ရေးကို လိုက်နာဆောင်ရွက်ရာရောက်သည့်အပြင် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်ကို ဂုဏ်ပြုရာလည်း ရောက်ပါကြောင်း။

 

ကြေးမုံ