မကွေး ၂၄ မတ်
မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား မကွေးမြို့ ကျန်းမာရေးဦးစီးဌာနရုံးတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးချက်များနှင့် ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည်ကို ယနေ့ နံနက်စောပိုင်းက တေွ့ရသည်။
မကွေးတိုင်းဒေသကြီးအတွင်းသို့ အခြားနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများနှင့် မကွေးခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ အမည်စာရင်း ကောက်ယူခြင်း၊ တစ်ဦးချင်းအလိုက် ၎င်းတို့၏ နေအိမ်များအထိ ကျန်းမာရေးဝန်ဆောင်မှုပေး၍ စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းသို့ ပြန်လည် ဝင်ရောက်လာသူများအား တာ၀န်ရှိသူများအနေဖြင့် မကွေးမြို့ ဆားရွှေကင်းရပ်ကွက် ကမ်းနားလမ်းရှိ ဝန်ထမ်းအိမ်ရာသစ်တွင် ထားရှိရန် စီစဉ်ထားပြီး ယနေ့ ပြန်ရောက် လာသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် နေအိမ်များသို့ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား အဆိုပါ ဝန်ထမ်းအိမ်ရာတွင်ထားရှိမည့် အစီအစဉ်အား ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်လျက်ရှိသည့် ဝန်ထမ်းမိသားစုဝင်များက ကန့်ကွက်နေကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


