ရန်ကုန် ၇ မတ်

 

ကမ္ဘာသိ ဂန္ထဝင် တယောပညာရှင်ကြီး တယောဦးတင်ရီ အသက်(၇၉)၊ နှစ်သည် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင်(၅၀၀)၌ နှလုံးရောဂါဝေဒနာအတွက် ဆေးကုသမှုခံယူရင်း ယမန်နေ့နံနက် ၁၀ နာရီ၊ ၅၈ မိနစ်ခန့်က ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

တယောပညာရှင်ကြီး ဦးတင်ရီကို ဓနုဖြူမြို့နယ်၌ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် အဖ ဦးလှမြင့်၊ အမိ ဒေါ်တင်ညွန့်တို့မှ မွေးဖွားပြီး မွေးချင်း မောင်နှမ ငါးဦးရှိကာ ငယ်ရွယ်စဉ်ကတည်းက ထူးထူးခြားခြား တေးဂီတကို ဝါသနာထုံသူတစ်ဦးလည်းဖြစ်သည်။

 

ငယ်ရွယ်စဉ် ကလေးအရွယ်ကတည်းက မိဘနှစ်ပါးနှင့်အတူ ဓနုဖြူမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်အချိန်က ဂီတဗီဇပါရှိသော ဦးတင်ရီသည် ရပ်ကွက်အတွင်းရှိ မယ်ဒလင်ဆရာနောက် တကောက်ကောက်လိုက်ကာ မယ်ဒလင်တီးခတ်ပညာကို သင်ယူခဲ့သည်။ ဆရာ၏ အကြံပေး တိုက်တွန်းမှုကြောင့် ၁၉၆၀ ပြည့်နှစ် အသက် ၁၈ နှစ် အရွယ်တွင် ရန်ကုန် ပန်တျာကျောင်းသို့ တက်ရောက်ပညာသင်ကြားခဲ့သည်။ ဂီတပညာကို တယောရှုမောင်၊ ဂီတာဦးစိမ်းမောင်၊ ရကန်ဦးတင်၊ မြန်မာညွန့်ဦးချစ်မောင်၊ ဂီတသင်္ကေတ ဦးစောသာထာ၊ အဆို ဦးဘသက်တို့ထံ၌ သင်ယူခဲ့သည်။

 

ကျောင်းပြီးသည့် နောက်ပိုင်းတွင် စန္ဒရားအောင်ကြီး၏တီးဝိုင်း၌ တယောလိုက်ထိုးရာမှတစ်ဆင့် ဘဝတစ်လျှောက်လုံး တယောပညာ သင်ကြားခြင်း နှင့် တီးခတ်ခြင်းများဖြင့် ဘဝကို ရပ်တည်ခဲ့ကြောင်း တယောပညာရှင်များ အသိုက်အဝန်းမှ သိရသည်။

 

ရှေးခေတ်အနုပညာရှင် အဆိုတော်များသီဆိုသည့် တေးသီချင်းဓာတ်ပြား အများစုမှာ တယောပညာရှင် ဦးတင်ရီ တီးခတ်ပေးထားသည့် တေးသီချင်း များဖြစ်သည်။ ၎င်းတီးသည့် မြန်မာတေးသီချင်းများ၏ တယောသံစဉ်များမှာ ဘော်စတွန်တက္ကသိုလ်အထိပင် ပေါက်ခဲ့ကြောင်း သိရသည်။ တယောလောက၌ ဟွန်းတယောများ၊ Violin များ ခေတ်စားခဲ့သည့်အချိန်ကို မီခဲ့ပြီး တယောပြားများ တစ်ကျော့ပြန် ခေတ်စားလာသည့် ကာလများကို ဖြတ်ကျော်ခဲ့သလို ယခုအချိန်ထိ ဂန္ထဝင်တယောပညာရှင်ကြီးအဖြစ် တယောတီးခတ်၍ မြန်မာ့အနုပညာ တိမ်ကောပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းပေးထားသည့် အနုပညာရှင်ကြီး တစ်ဦးလည်း ဖြစ်သည်။

 

လက်ရှိတွင် ဂီတပညာရှင်ကြီး တယောဦးတင်ရီသည် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခအလင်းပညာ ဒါနကျောင်း၌ တယောပညာအား (အခမဲ့) သင်ကြားပေးနေသော တယောပညာရှင် တစ်ဦးဖြစ်ပြီး တယောပညာရှင်ကြီး၏ ဈာပနအား မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန် ခန်းမ(၁/က)၌ ပြုလုပ်မည်ဖြစ်ကာ ဂူသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိရသည်။

 

သတင်း-ပွင့်သစ္စာ

ဓာတ်ပုံ - The Violinist U Tin Yee