ဟိုင်းကြီးကျွန်း   ၆   မတ်  

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးပင်လယ်ပြင်ရှိ လိပ်ကျွန်း(ခ)သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များအဖွဲ့ Fauna & Flora International (FFI) ပူးပေါင်း၍ မြန်မာ့ပင်လယ် လိပ်မျိုး ထိန်းသိမ်းရေး စွမ်းရည်မြှင့်သင်တန်းကို ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ သင်တန်းတွင်  ပင်လယ်လိပ်ပညာရှင်တစ်ဦးနှင့် သမီးလှကျွန်းတာဝန်ခံအရာရှိ ဦးဖုန်းမော်တို့က သင်တန်းနည်းပြများအဖြစ် သင်ကြားပို့ချလျက်ရှိပြီး  Wildlife Conservation Society(WCS) သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ သင်တန်းသား(၃)ဦး၊ ရခိုင်ကန်းရိုးတန်း ဒေသသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ သင်တန်းသား(၁)ဦး၊ ကျိန္တလီ ကမ်းနီးရေလုပ်ငန်းစုပေါင်းစီမံခန့်ခွဲရေးအသင်းမှ သင်တန်းသား(၂)ဦး၊ သမီးလှကျွန်း လိပ်ထိန်းသိမ်းရေးစခန်းမှ သင်တန်းသား(၄)ဦး၊ အခြားစိတ်ပါဝင်စားသူ သင်တန်းသား(၃)ဦး စုစုပေါင်း သင်တန်း သား(၁၃)ဦး တက်ရောက်လေ့လာ သင်ကြားနေကြောင်း သိရှိရသည်။ သင်တန်းကာလမှာ မတ်လ ၅ရက် နေ့မှ ၆ ရက်နေ့အထိ (၂)ရက် ဖြစ်ပြီး သဘာဝပတ်ဝန်ကျင်ဂေဟစနစ်နှင့် ပင်လယ်လိပ်များ ဆက်စပ်မှုသင်ခန်းစာများ၊ ပင်လယ်လိပ်များ နေထိုင်ကျက်စားမှု သင်ခန်းစာများကို စာတွေလက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)