မိတ္ထီလာ  ၄   မတ်

 

ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ုကန်ရာဇီရေခဲတောင် (အမြင့်ပေ ၁၁၉၂ဝ)ပေါ်သို့ လာမည့် မတ် ၃၁ ရက်နေ့တွင် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ ပါဝင်သည့် အဖွဲ့အနေဖြင့် တတိယအကြိမ်မြောက် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းအနေနဲ့ ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးကို တတိယအကြိမ် တက်ရောက်သွားမှာ ဖြစ်ပါတယ်။ မတ်  ၃ဝ ရက်နေ့မှာ မိတ္ထီလာကနေ ပူတာအိုကို စတင်ထွက်ခွာပြီး မတ် ၃၁ ရက်နေ့မှာ အမြင့်ပေ ၁၁၉၂ဝ ပေ ရှိတဲ့ ဖုန်ကန်ရာဇီရေခဲတောင်ပေါ်ကို စတင် တက်ရောက်မှာဖြစ်ပါတယ်။ ဖုန်ကန်ရာဇီရေခဲတောင်ခြေအထိ အသင်းက စုစုပေါင်း ၉ ဦး သွားရောက်ဖြစ်ပါတယ်။ တောင်ခြေရွာဖြစ်တဲ့ ဇီယာဒမ်းရွာမှာ ကျွန်တော်တို့ဇနီးမောင်နှံက အနီးနားရွာတွေက ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်ဆေးကုသပေးတဲ့ အလုပ်တွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ကိုဇေယျာအပါအဝင် စုစုပေါင်း ၇ ဦး ပါဝင်တဲ့ အဖွဲ့က ဖုန်ကန်ရာဇီတောင်ပေါ်ကို ဆက်လက်တက်ရောက်မှာဖြစ်ပါတယ်။ ဒီတောင်တက်ခရီးစဉ်မှာ အသင်းဝင်အမျိုးသမီး နှစ်ဦးလည်း ပါဝင်တက်ရောက်သွားမှာဖြစ်ပါတယ်” ဟု အသင်း၏ ပထမအကြိမ် ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တက်ရောက်ခဲ့သူ မိတ္ထီလာခြေလျင်နှင့်တောင်တက် အသင်း ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်း က ပြောသည်။

 

ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးကို ၂ဝ၁၉ မတ်လ ၄ ရက်နေ့က မိတ္ထီလာခြေလျင်နှင့်တောင်တက် အသင်းမှအသင်းဝင်ဦးရေ ၂ဝ ပါဝင်သည့်အဖွဲ့ဖြင့် ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် အမြင့်ပေ ၁၁ဝဝဝ အထိသာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

 

ကျွန်တော်အနေနဲ့ ဒီတစ်ကြိမ် ဖုန်ကန်ရာဇီရေခဲတောင်ပေါ်ကို တက်ရောက်တာ ဒုတိယအကြိမ်ဖြစ်ပြီး မျိုးဆက်သစ် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းဝင်တွေကို ရေခဲတောင်တက်ခရီး အတွေ့အကြုံအတွက် ဒီတစ်ကြိမ်မှာ တခြားအမှုဆောင် တစ်ဦးနဲ့အတူ ဦးဆောင် တက်ရောက်သွားမှာဖြစ်ပါတယ်။ မိတ္ထီလာဆိုတာ ရေခဲတောင်တွေနဲ့ မဝေးတဲ့အရပ်ဒေသမှာရှိပြီး အသင်းအနေနဲ့ အသင်းရည်ရွယ်ချက်အတိုင်း တောင်တက် အားကစားနည်းကို လူငယ်တွေ ပိုမိုစိတ်ဝင်စားလာပြီး မူးဆေးဝါးအန္တရာယ်က ကင်းဝေးစေဖို့၊ သဘာဝတရားကို ချစ်မြတ်နိုးတတ်ဖို့ ရည်ရွယ်ချက်တွေနဲ့ အခုလို ရေခဲတောင်တက်ခရီးစဉ်တွေကို တောင်တက်ရာသီတွေမှာ ထည့်သွင်းတက်ရောက်တာဖြစ်ပါတယ်။ တောင်တက်ရာသီတိုင်းမှာ သတ်မှတ်ထားတဲ့ အမြင့်ပေရှိတဲ့ တောင်သုံးတောင်ကို လိုက်ပါတက်ရောက်တဲ့  အသင်းဝင်တွေကိုပဲ ရေခဲတောင် ခရီးစဉ်အတွက် လျှောက်လွှာခေါ်ယူပြီး ရွေးချယ်တက်ရောက်ခွင့်ပြုတာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ နှင်းဖုံးတောင်တွေ၊ ရေခဲဖုံးတောင်တွေ ရှိနေတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူစရာ သဘာဝအမွေအနှစ်တွေကိုလည်း ချစ်မြတ်နိုးစေချင်ပါတယ်” ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း အမှုဆောင် တစ်ဦးဖြစ်သည့် ကိုဇေယျာက ပြောသည်။

 

မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းသည် နှစ်စဉ်တောင်တက်ခရီးစဉ်များအဖြစ်   ဆင်တောင်၊ မြင်းမထိတောင်၊ လွယ်မိုင်းတောင်၊ ပြက္ခရွေ(အရှေ့၊ အနောက်) တောင်၊ အရှေ့မြင်အနောက်မြင်တောင် စသည့် တောင်တက် ခရီးစဉ်များနှင့် ပင်လယ်ကမ်းခြေလမ်းလျှောက်ခရီးစဉ်များကို သွားရောက်လျက်ရှိပြီး ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်ကို လွန်ခဲ့သည့် သုံးနှစ်ခန့်က စတင်ရောက်ခဲ့သည်။

 

ဖုန်ကန်ရာဇီရေခဲတောင်တက်ရောက်ခဲ့ပြီး ရေခဲတောင်တက်ခရီးအတွေ့အကြုံရှိသည့် မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းဝင်များ ပါဝင်သည့် အဖွဲ့ဖြင့်လည်း  ယခုနှစ်ဒီဇင်ဘာလထဲတွင် ဖုန်ရင်ရာဇီ နှင့် မဒွယ် ရေခဲတောင်နှစ်ခုအနက်မှ ရေခဲတောင်တစ်ခုကို ရွေးချယ်တက်ရောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)