ရန်ကုန်   ၂၆   ဖေဖော်ဝါရီ

 

ရဟန္တာ မဟာသိမ်တော်ကြီး ဘက်စုံမွမ်းမံပြုပြင်ခြင်းနှင့် နဝရတ်ရွှေစင်   အောင်စေတီတော်နှင့် ပတ္တမြားမျက်ရှင် ပုံတူရုပ်ပွားတော် မဟာဒါနကုသိုလ် စုပေါင်းရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ အဆိုပါ မဟာသိမ်တော်ကြီး၌ ကျင်းပသည်။

 

ရှေးဦးစွာ နဝရတ်ရွှေစင်အောင်စေတီတော်နှင့် ပတ္တမြားမျက်ရှင်ပုံတူ ရုပ်ပွားတော်မြတ်တို့အား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ရွှေတိဂုံစေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါ စရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။

 

ထို့နောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ဇနီး၊ ဂေါပကအဖွဲ့များနှင့် အလှူရှင်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဂေါပက အဖွဲ့ဝင် ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ  လျှောက်ထားသည်။

 

ထို့နောက် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် သရစ္ဇျာယ်တော် မူကြပြီး တိုင်းမှူးနှင့်ဇနီး၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာ၊ပါဠိပါရဂူ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါ ဘိဝံသထံမှ   လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားနာယူကြသည်။

 

ရဟန္တာ မဟာသိမ်တော်ကြီး၌ တောင်ဘက်ခြမ်း မြေထိန်းနံရံများ ပြိုကျခဲ့ရာ အလှူရှင်များက အလျား ၄၂ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေရှိ မြေထိန်းနံရံ အသစ်တည်ဆောက်ခြင်း၊ ပတ္တမြားမျက်ရှင် ကြေးသွန်းရုပ်ပွားတော် ပုံတူထုဆစ်ပူဇော်ခြင်း၊ ဂန္ဓကုဋိတိုက်တည်ဆောက်ခြင်း၊ ရင်ပြင်တော်တွင်  စကျင်ကျောက်ပြားများ အစားထိုး ပြန်လည်ခင်းကျင်းခြင်း၊ သိမ်တော်ကြီးအတွင်းရှိ မူလဗုဒ္ဓ ရုပ်ပွားတော်ကြီးနှင့် ရုပ်ပွားတော်(၈)ဆူတို့အား ပုလဲဆေးများ ကပ်လှူပူဇော်ခြင်းနှင့် အခြားဘက်စုံ မွမ်းမံမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

သတင်း၊ဓာတ်ပုံ-ဇော်မင်းလတ်