ဝမ်းတွင်း   ၂၆  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြိုနယ်တွင် မိတ္ထီလာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်း၍ 2019-nCov Acute Respiratory Disease ရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဘွတ်ကုန်းစံပြကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်းက (2019-nCov) ရောဂါအကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လေးခိုင်မှ ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းများနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားမှမိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများနှင့် (2019-nCov Acute Respiratory Disease) ရောဂါကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ကြရန်နှင့် မိမိတို့၏ လက်များကိုသေချာစွာ ဂရုတစိုက်ဆေးကြောကြရန်၊ ရောဂါကာကွယ်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရာတွင်လည်း နည်းစနစ်မှန်ကန်စွာ အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် လက်ထောက်ဆရာဝန်များ၊ တာဝန်ကျ ကျန်းမာရေးဆရာမများ၊ ကျေးရွာအတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)