ညောင်လေးပင် ၂၆ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ယခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသားကျောင်းသူ ၄၆၀၅ဦးရှိပြီး အထက - တော်ဝိ စာစစ်ဌာန တစ်ခုတိုး၍ စုစုပေါင်း စာစစ်ဌာန ကိုးခုဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခင်နှစ်က အထက-တော်ဝိ ကျောင်းသားကျောင်းသူများက အထက-ပိန်းဇလုပ်တွင် သွားရောက်ဖြေဆိုကြရပြီး ကျောင်းသားအရေအတွက် များပြားလာသည့်အတွက် စာဖြေခုံ အခက်အခဲ၊ သွားရေးလာရေး အခက်အခဲ များရှိသဖြင့် စာမေးပွဲဖြေဆိုမည့်ကျောင်းသားကျောင်းသူများ အဆင်ပြေစေရန် ယခုနှစ်တွင် အထက-တော်ဝိ စစာစစ်ဌာနကို ထပ်တိုးကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သီတာမြင့်က ပြောသည်။
အဆိုပါ စာမေးပွဲကျင်းပမည့် စာစစ်ဌာနများဖြစ်သော အထက(၁)ညောင်လေးပင်တွင် ၇၈၂ဦး၊ အထက(၂) ညောင်လေးပင်တွင် ၆၉၈ဦး၊ အထက-ဇီးကုန်းကြီးတွင် ၁၁၉ဦး၊ အထက(၁)ပြွန်တန်ဆာတွင် ၇၄၀ဦး၊ အထက(၂) ပြွန်တန်ဆာတွင် ၆၁၅ဦး၊ အထက-ပုဇွန်မြောင်းတွင် ၃၀၈ဦး၊ အထက-တော်ဝိတွင် ၁၃၃ဦး၊ အထက-မဒေါက်တွင် ၅၂၂ဦး၊ အထက-ပိန်းဇလုပ်တွင် ၆၈၈ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၄၆၀၅ဦးတို့ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ဌာနဆိုင်ရာများနှင့် ပူပေါင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


