၂၂ ဇန်နဝါရီ
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ် ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ အရေးပေါ်အခြေအနေကြေညာရန် အစည်းအဝေးတစ်ရပ်ကို ယနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုလုပ်ရန်ရှိသည်။
ပြီးခဲ့သည့်လက အဆုတ်ရောင်ရောဂါစတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဆွေးနွေးရန်အတွက် ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်တွင် ကျွမ်းကျင်သူများ တွေ့ဆုံမည်ဖြစ်သည်။
တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တိုင်ပေနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အသစ်သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပျံ့နှံလျက်ရှိကြောင်း ယမန်နေ့က WHOမှ ပြောခွင့်ရှိသူ တာရစ်ဂျာဆာရီဗက်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
WHO အဖွဲ့က ဆုံးဖြတ်ရာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့်အတူ မျှဝေထားသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
WHO မှ အဖွဲ့တစ်ဖွဲ့အား တရုတ်နိုင်ငံ ကျန်းမာရေးဝန်ထမ်းများထံမှ သတင်းအချက်အလက်များ စုဆောင်းရန်အတွက် ဝူဟန်သို့ စေလွှတ်ခဲ့ကြောင်း ဂျာဆာရီဗက်က ပြောကြားခဲ့သည်။
ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာစိုးရိမ်မှုများအတွက် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်သည်နှင့်အမျှ ပိုမိုတင်းကြပ်သည့် ကူးစက်ရောဂါကို သီးသန့်ထားသည့် အစီအမံများ လိုအပ်သည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်