ရေစကြို ၂၄ ဒီဇင်ဘာ
ယခုနှစ်များအတွင်းတွင် သီးနှံများကို ပလတ်စတစ်အုပ် စိုက်ပျိုးနည်းစနစ်ဖြင့် အသုံးပြုမှုများပြား လာလျက်ရှိရာ အဆိုပါစိုက်ပျိုးနည်းစနစ်ကြောင့် စိုက်ပျိုးမြေများကို ပျက်စီးစေနိုင်ကြောင်း သိရသည်။
“ပလတ်စတစ်အုပ် စိုက်ပျိုးနည်းမှာ အားသာချက်နဲ့အားနည်းချက် ၂ မျိုးရှိတယ် အားသာတာကတော့ ပေါင်းပင်တွေ မပေါက်ဘူး။ စိုက်ခင်းရေပေးရတာလည်း သက်သာတယ်။ အားနည်းချက်က ပလတ်စတစ်တွေက မဆွေးမြေ့လွယ်ဘူး မြေကြီးက တစ်ခုနဲ့တစ်ခု တွဲနေရမှာပေါ့ မြေကြီးထဲမှာ ပလတ်စတစ်ရှိနေရင် တွဲမနေဘူး။ မချိတ်ဆက်မိတော့ဘူး။ ဒါတွေကိုသာ ပြောင်အောင် ကောက်နိုင် ရင်တော့ မဆိုးဘူးပေါ့။” ဟု ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ပြောပြသည်။
ပလတ်စတစ်အုပ် စိုက်ပျိုးနည်းစနစ်ကို အသုံးပြုသူများသည် ပေါင်းပေါက်သက်သာရန် အဓိက အသုံးပြုကြပြီး ယခင်နှစ်များက ဖရဲသခွား စိုက်ခင်းများတွင် အသုံးပြုခဲ့ကြရာမှ ယခုအခါ ပေါင်းရိတ် အလုပ်သမားခ သက်သာစေရန် ငရုပ်၊ ခရမ်းချဉ်စသည့် အခြားသီးနှံများကိုပါ အဆိုပါ ပလတ်စတစ်အုပ် စိုက်နည်းဖြင့် စိုက်ပျိုးလာကြလျက်ရှိကြောင်း သိရသည်။
“ စိုက်ခင်းသိမ်းတဲ့အခါမှာ ပလတ်စတစ်တွေကျန်နေရင် အဲဒီပလတ်စတစ်တွေက ကြာရှည် မဆွေးနိုင်ဘူးလေ အဲဒါတွေကို စိုက်ပျိုးရေး လုပ်တဲ့သူတွေက သန့်ရှင်းအောင်ပြန်လုပ်ရတာပေါ့ စိုက်ခင်းသိမ်းပြီဆိုတာနဲ့ စိုက်ခင်းပလတ်စတစ်တွေကိုခွာ၊ ခွာပြီးတော့ တစ်နေရာမှာစုပုံပြီး မီးရှို့ပစ်တယ်။ ပလတ်စတစ်တွေ ကျန်နေရင် နောက်သီးနှံကျတော့ အမြစ်စွဲအား မကောင်းတော့ဘူး။ အဲဒါကြောင့် သန့်ရှင်းအောင်လုပ်ကြတယ်။” ဟု ပလတ်စတစ်အုပ် စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသူ တစ်ဦးက ပြောပြသည်။
ရေစကြိုမြို့နယ်တွင် အဆိုပါ ပလတ်စတစ်အုပ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသည့်စိုက်ဧက တစ်ထောင်ခန့် ရှိကြောင်းသိရသည်။ သီးနှံတစ်ရာသီစာ တစ်ဧကလျှင် ပလတ်စတစ် အနံ ၄ ပေ၊ အလျား ၂၅၀ဝ ပေ အသုံးပြုရလျက်ရှိရာ ဧကတစ်ထောင်အတွက် သီးနှံတစ်ရာသီစာလျှင် အနံပေ ၄ ထောင်၊ အလျားပေ ၂၅ သိန်းခန့် အသုံးပြုရကြောင်း သိရသည်။
ယနေ့ စိုက်ပျိုးလုပ်ကိုင်ကြလျက်ရှိသော စိုက်ပျိုးနည်းစနစ်များဖြစ်သည့် ထယ်ရေးနက် ထွန်ရေး ညက်ဖြင့် မှုန့်ညက်နေအောင် ထွန်ယက်ခြင်း၊ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပစ်ခြင်း၊ ဓါတ်မြေသြဇာများ လွန်ကဲစွာသုံးစွဲနေခြင်း၊ ပိုးသတ်ဆေး မှိုသတ်ဆေး ပေါင်းသတ်ဆေးများ ပိုမိုသုံးစွဲလာခြင်း၊ အားဆေးများ ဟော်မုန်းဆေးများ သုံးစွဲလာခြင်း၊ ပလတ်တစ်စတစ်များ ဖုံးအုပ်စိုက်ပျိုးခြင်းများသည် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးနည်းများ မဟုတ်ကြောင်း စိုက်ပျိုးရေးပညာရှင် ဆရာဦးသိန်းဆု ထံမှ သိရသည်။
ပလတ်စတစ်အုပ် စိုက်ပျိုးနည်းစနစ်သည် ဂေဟစနစ်ကို ပျက်စီးစေကြောင်းသိရသည်။ ပလတ်စတစ်များမှာ ဆွေးမြေ့ပျက်စီးရန် ကြာချိန် ၁၀ နှစ်မှ နှစ် ၅၀ဝ အထိ အချိန်ကြာတတ်ကြောင်း သိရသည်။ပလတ်စတစ်အုပ် စိုက်ပျိုးနည်းမှာ ယနေ့တောင်သူများ ကြုံတွေ့ရလျက်ရှိသည့် လယ်ယာလုပ်သား ရှားပါးခြင်းကြောင့် ပေါင်းမြက်များရှင်းလင်းရန် အလုပ်သမားခေါ်ရခက်သည့် ပြသနာကို ဖြေရှင်းပေးနိုင်ပြီး စိုက်ပျိုးရေ သွင်းရသက်သာခြင်းတို့ကြောင့် ရေစကြိုမြို့နယ်မှ တောင်သူများ အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တောင်သူများအနေဖြင့် အဆိုပါ စိုက်ပျိုးနည်းကို တစ်နှစ်ထက်တစ်နှစ် အသုံးပြုသူ များပြားလာလျက်ရှိကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


