ရန်ကုန် ၁၇  နိုဝင်ဘာ

 

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပြခန်းနှင့် ပြကွက်ပေါင်း ၉၀ ကျော် ပါဝင်ပြမည့် သိပ္ပံပွဲခင်း-၂၀၁၉ ကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သိပ္ပံပွဲခင်း-၂၀၁၉ တွင် ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဌာနများ၏ သုတေသနဆိုင်ရာ ပြခန်းများ၊ ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို ကျောင်းသား ကျောင်းသူများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ သိပ္ပံပရောဂျက် ပြပွဲ/ပြိုင်ပွဲများ၊ ဝန်ကြီးဌာနများ၏ အသိပညာပေးပြခန်းများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၏ နည်းပညာပြခန်းများ၊ သိပ္ပံဆပ်ကပ်နှင့် Science Magic များ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကာ ပြခန်းပေါင်း ၅၀ ကျော်နှင့် ကျောင်းသား ကျောင်းသူများ၏ ပြကွက်ပေါင်း ၄၀ ကျော် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဝိဇ္ဇာခန်းမရှေ့ရှိ မြက်ခင်းပြင်တွင် အစားအသောက်နှင့် အမှတ်တရပစ္စည်းများ ရောင်းချမည့် ဈေးရောင်းပွဲတော် ကိုလည်း သိပ္ပံပွဲခင်းအတွင်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်းများကို ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ယခု ၂၀၁၉ ခုနှစ်သည် ၆ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ကာလနှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

 

ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်းများသည် ပြည်သူများအတွက် သိပ္ပံဆိုင်ရာ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာမျိုးဆက်သစ် သိပ္ပံပညာရှင်လူငယ်များ၏ သိလိုတတ်လိုစိတ်များကို လှုံဆော်ပေးနိုင်ရန် အဓိကထား ကျင်းပနေခြင်း ဖြစ်သည်။

 

အဆိုပါ သိပ္ပံပွဲခင်း-၂၀၁၉ ကို မျိုးဆက်သစ် လူငယ်များအကြား သိပ္ပံနှင့် နည်းပညာ စိတ်ဝင်စားမှုမြှင့်တင်ရန်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖန်တီးနိုင်မှုကို အားပေးမြှင့်တင်၍ မိမိတို့၏ တွေ့ရှိချက် အတွေ့အကြုံများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများပေးရန်၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် လက်တွေ့သင်ယူမှု စွမ်းရည်မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွှန့်