မြစ်ကြီးနား ၁၃ နိုဝင်ဘာ
ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ (Kachin State Business Forum) ကို ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကချင်ပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ မြစ်ကြီးနားမြို့ မနောကွင်း၊ မဂျွယ်ခန်းမ၌ နိုဝင်ဘာ (၁၅) ရက်နှင့် (၁၆) ရက် (၂) ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
စီးပွားရေးဖိုရမ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခက်ထိန်နန်က “အဓိကကတော့ ကျွန်တော်တို့ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပိုပြီးတော့ ပေါ်ပေါက်လာဖို့၊ ဒီလို ဖိုရမ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အသိပညာတွေ ပိုပြီးတော့ရရှိလာမယ်၊ စွမ်းရည်မြင့်လာတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်လာမယ်၊ ဒေသခံတွေအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ ပိုမိုရရှိပေါ် ပေါက်လာအောင်” ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ဘယ်လိုအခွင့်အလမ်းတွေ ဘာတွေလုပ်လို့ရတယ်ဆိုတာ ပြည်တွင်းက လုပ်ငန်းရှင်တွေ သိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံလာစေရန် ဖြစ်ကြောင်း၊ ဖိုရမ်အတွင်း ပြည်တွင်း/ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်လာမည်ဖြစ်သည့်အတွက် ရင်းနှီးမှုရစေပြီး စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းပြောပြသည်။
အဆိုပါ ကချင်ပြည်နယ်စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သွားမည်ဖြစ်ပြီး ဖိုရမ်အတွင်း ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ သယံဇာတတူးဖော်ရေး လုပ်ငန်းများ၊ အထည်အလိပ်နှင့် ရိုးရာရက်ကန်းလုပ်ငန်းများ၊ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများအကြောင်းကို သက်ဆိုင်ရာဌာနများမှ ဌာနအကြီးအကဲများနှင့် စီးပွားရေးပညာရှင်များက ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)


