ရန်ကုန် ၉ နိုဝင်ဘာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများအကြောင်းကို စာရေးဆရာ အလင်းဆက်(IR)က ဘာသာပြန်ထားသည့် “တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းမှတ်တိုင်များ” စာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပရာ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
“အခု ဘာသာပြန်တဲ့စာအုပ်က စာရေးဆရာတစ်ယောက် စိတ်ကူးယဉ်ပြီး ရေးသားထားတဲ့စာအုပ်မျိုး၊ သုတေသနပြုလုပ်ချက်တွေကို ရေးသားထားတာမျိုး မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး(CPC) တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်၊ ထုတ်ပြန်ချက်တွေကို အချက်အလက်အဖြစ် ပေါင်းစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သူတို့ခေါင်းဆောင်တွေက စီးပွားရေးမူဝါဒတွေ ဘယ်လိုလုပ်ဆောင်တယ်၊ မဟာဗျူဟာ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်မယ်ဆိုတာတွေကို ဖော်ပြထားပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက အမေရိကန်ပြီးရင် အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်၊ တိုးတက်မှုနှုန်းကလည်း အလွန်လျင်မြန်တယ်၊ ဒါပေမယ့် အခုအခြေအနေရောက်ရှိလာဖို့ ကျော်ဖြတ်လာတဲ့သမိုင်းကို လေ့လာကြည့်တဲ့အခါ အချို့ကိစ္စတွေမှာ မြန်မာနိုင်ငံထက်တောင် အခြေအနေဆိုးတာ တွေကြုံတွေ့ခဲ့ရတာ အများကြီးရှိတာကို တွေ့ရတယ်။ ဒါပေမယ့် သူတို့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှု၊ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် အမှားကိုပြင်ပြီး အမှန်ကိုရောက်ရှိလာတာတွေကို သိစေချင်တာပါ” ဟု ဘာသာပြန်ဆိုသူ အလင်းဆက် (IR)က ပြောသည်။
အဆိုပါ စာအုပ်ကို ယူနန်တက္ကသိုလ်က ထုတ်ဝေကာ တရုတ်စာရေးဆရာ ဟဲယောင်မင် တည်းဖြတ်ထားသည့် စာအုပ်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် စာရေးဆရာများဖြစ်ကြသော မုံရွာအောင်ရှင်၊ ဟိန်းလတ်၊ အေးမောင်ကျော်၊ ရဲနိုင်အောင်(ခေါ်)ကိုဝ တို့က မုဒိတာစကားများပြောကြားကြပြီး ဘာသာပြန်ဆိုသူ အလင်းဆက်(IR)မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သတင်း - မွန်းဦးနဒီ
ဓာတ်ပုံ - ရဲထွဋ်


