ဟားခါး ၂၉ အောက်တိုဘာ
ချင်းပြည်နယ်အတွင်းရှိ အထင်ကရေနရာများအနက် မြေပြန့်ရှစ်မိုင်ပတ်လည် ကျယ်ဝန်းသည့်သီးမစ် ချိုင့်ဝှမ်းလွင်ပြင်သည် ဟားခါး- ထန်တလန် ကားလမ်းက လွင်ပြင်ကိုဖြတ်သွားသကဲ့သို့ သီးမစ်ချောင်းက လည်း သီးမစ်လွင်ပြင်ကို ဖြတ်ကာ ကွေ့ကောက်၍စီးဆင်းလျက်ရှိသောကြောင့် အဆိုပါ လွင်ပြင်သို့ ခရီးသွား ဝင်ရောက်မှုများပြားလာကြောင်း သိရသည်။
“ သီးမစ်ချောင်းက ဖြတ်သန်းစီးဆင်းနေတဲ့ချောင်းရေကိုအမှီပြုပြီးဒေသခံတိုင်းရင်းသားတွေက သီးမစ်လွင်ပြင် လယ်မြေတွေပေါ်မှာ မိုးစပါး စိုက်ပျိုးထားတာတွေ၊ တောင်စောင်းတွေမှာ လှေကားထစ် စိုက်ပျိုးတာတွေ၊ စပျစ်ခြံ၊စတော်ဘယ်ရီခြံ စိုက်ပျိုးအသက်မွေးကျောင်းပြုတာတွေကို ခရီးသွားတွေအနေနဲ့ လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ် ” ဟု ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးရွှေထီးအိုးက ပြောသည်။
သီးမစ်ချိုင့်ဝှမ်းလွင်ပြင်မှာ ဟားခါးမြို့တောင်ဘက် ခုနစ်မိုင်၊ထန်တလန် မြို့ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး ဟားခါးမြို့သို့ ရောက်ရှိလာသည့် ပြည်တွင်းပြည်ပ ဧည့်သည်များအတွက် အလည်အပတ် သွားရောက် အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ထင်ရှားသည့်လွင်ပြင်ဖြစ်ကြောင်း၊ ချင်းတိုင်းရင်းသားတို့၏ သမိုင်းဝင်မြေနေရာတစ်ခုဖြစ်ကြောင်း၊ ထို့ပြင်ရှေးနှစ်ပေါင်းမြောက်များစွာကပင် ချင်းတိုင်းရင်းသားတို့၏ တန်ဖိုးထား ထိန်းသိမ်းထားသော နယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
သီးမစ်လွင်ပြင်တွင် လယ်မြေ ၁၄၀ ဧကခန့်ရှိပြီးဒေသတွင်းဆန်ဖူလုံရေးအတွက် အထောက် အကူပြုလျက်ရှိကြောင်း၊ ချောင်းရိုးတစ်လျှောက်အပန်းဖြေရန် သဘာဝအလှတရားများကြောင့် ဟားခါးမြို့နှင့် ထန်တလန်မြို့ အနီးဝန်းကျင်မှဒေသခံများ၊ ခရီးသွား ဧည့်သည်များ လာရောက်အပန်းဖြေသော နေရာတစ်ခုအဖြစ် စည်ကားလျက်ရှိရာ ယခင်ကရုံးပိတ်ရက်များတွင် တစ်ရက်လျှင် ဦးရေ ၅ဝ ခန့်သာ လာရောက်လည်ပတ်သူရှိသော်လည်း ယခုအခါ လူသိများလာသောကြောင့် ရက်ရှည်ရုံးပိတ်ရက်များတွင် တစ်ရက်လျှင်ဦးရေ ၁၀ဝ ကျော်ရှိလာကြောင်း၊ ထို့ပြင် ဆောင်းဦးရာသီလများတွင် ရင့်မှည့်နေသော ရွှေဝါရောင် စပါးကွင်းများကို လေ့လာနိုင်မည်ဖြစ်သည့်အပြင် မင်္ဂလာဆောင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ ခရီးသွားများအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများလည်း ရှိကြောင်း ဒေသခံ မြို့မိမြို့ဖ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ်သတ်မှတ်ထားရှိသော သီးမစ်ချိုင့်ဝှမ်းလွင်ပြင် သည် စပါးစိုက်ခင်းများ အလယ်တွင် ထန်တလန်မြို့ဘက်ရှိ တောင်ကုန်းတောင်တန်းများပေါ်မှ ဖြတ်၍ စီးဆင်းလာသော သီးမစ်ချောင်းကရစ်ခွေ စီးဆင်းနေကာ တစ်နှစ်တာကာလပတ်လုံး သဘာဝအလျောက် ပေါက်ရောက်နေသော သစ်ပင်ပန်းမန်များ၊ သဘာဝရှုခင်းများ၊ သဘာဝတောတောင်များနှင့် တောကောင် သားကောင်များဖြင့် သဘာဝအတိုင်းမပျက်မယွင်းတည်ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပခရီးသွား ဧည့် သည်များအား ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
နေစု(ချင်းရိုးမ)


