စလင်း ၂၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၏အထင်ကရနေရာဖြစ်သော ဝက်သည်းကန်အတွင်း တွင် သဘာဝလျောက်ပေါက်ရောက်နေသည့် ပဒုမ္မာကြာတောမှကြာချည်ထုတ်လုပ်၍ ဈေးကွက်ရှိရာ ရှမ်းပြည်နယ်တောင်းပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့တင်ပိုရောင်းချခြင်းဖြင့် ဈေးကောင်းရလျက် ရှိကြောင်း ကြာချည်ထုတ်လုပ်နေသူများထံမှသိရသည်။
ယခင်က ဝက်သည်းကန်အနီးတွင်တည်ရှိသည့် အနောက်ကန်ဘောင်၊ စီရင်ဉီး၊ ဝင်းပြည့်၊ တမာချောင်၊ ရွာသစ်၊ ဆင်ကျုံး၊ ရှမ်းရွာကုန်းကျေးရွာများမှဒေသခံများက ကန်ကိုအမှီပြု၍ မီရိုးဖလာလုပ်ငန်းဖြစ်သည့် ကြာပန်း၊ ကြာခွက်၊ ကြာစွယ်များကိုသာခူးယူရောင်းချလျက်ရှိရာမှ လွန်ခဲ့သော(၈)နှစ်ခန့်မှစ၍ အင်းလေးဒေသမှ ကြာချည်ရက်လုပ်သော လုပ်ငန်းရှင်များနှင့်ချိတ်ဆက်မိကာ ကြာရိုးမှ ကြာချည်ထုတ်လုပ်နည်းကိုရရှိ၍ တွင်ကျယ်စွာလုပ်ကိုင်လာကြခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ကြာချည်ထုတ်လုပ်ရာမှာတော့ ဉီးစွာကြာနုတ်တဲ့သူက ကန်အတွင်းမှပဒုမ္မာကြာရိုး တွေနုတ်ပြီး အပင်ရေ ၈၀ဝ ခန့်ပါတဲ့ကြာထုံးအဖြစ်စုစည်းပါတယ်၊ ကြာထုံးတစ်ထုံးကို ဒေသပေါက်ဈေးကျပ် ၁၀ဝ၀ ဈေးရှိပြီး ကြာနုတ်သူကမနက်ပိုင်းတွင် ကြာထုံး ငါးထုံးခန့် နုတ်ယူနိုင်ပါတယ်၊ ကြာရိုးအရှည်ကတော့ ရေအတိမ်အနက်ပေါ်မူတည်ပြီး အတိုအရှည်ကွာပါတယ်၊ အဲဒီနုတ်ယူထားတဲ့ကြာရိုးတွေကို ကြာအစေးထွက် အားကောင်းတဲ့ အရင့်ပိုင်းကိုသာဖြတ်ယူပါတယ်၊ အဲဒီနောက်ကြာချည်ဆွဲသူက ကြာရိုးတွေကို လက်တစ်ဆုပ် စာကိုင်၍ ၂ လက်မခန့်ဖြတ်ကာ ထွက်ရှိလာတဲ့ကြာအစေးကိုသစ်သားခုံပေါ်တင်၍ လက်ဖြင့်လှိမ့်ကျစ်ပြီး ကြာချည်မျှင် ထုတ်လုပ်ပါတယ်၊ ရလာတဲ့ကြာချည်မျှင်တွေကို ရစ်ဘီးမှာငင်ပြီးအခြောက်ခံကာ ကုန်ကြမ်း အဆင့်ရပါတယ်၊ ကြာထုံးတစ်ထုံးလျှင် ကြာချည်တစ်ကျပ်သားထွက်ရှိပြီး တစ်ပိဿာကိုကျပ် သုံးသိန်းဈေးဖြင့် အင်းလေးဒေသရှိ ကြာသင်္ကန်းနှင့် အဝတ်အထည်ရက်လုပ်သည့် လုပ်ငန်းများသို့ တင်ပို့ရောင်းချရကြောင်း” ရှမ်းရွာကုန်းကျေးရွာနေ ကြာချည်လုပ်ငန်းလုပ်ကိုင်သူ ဉီးသောင်းစိန်မှ ပြောသည်။
ဒေသခံကြာချည်ထုတ်လုပ်သူများအနေဖြင့် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ချင်ပေမယ့် ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးအခက်အခဲရှိကြောင်း ဉီးသောင်းစိန်မှဆက်လက်၍ပြောသည်။
စလင်းမြို့ရှိ ဝက်သည်းကန်သည် ၁၉၅၃ ခုနှစ်မှစတင်၍နိုင်ငံတော်မှ သဘာဝပတ်ဝန်းကျင်နှင့် သား၊ ငှက် တိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေ ငှက်ဘေးမဲ့တောအဖြစ်သတ်မှတ်ထားပြီးကန်ဧရိယာ ၉၁၉ ဧက၊ ရေပြင် အကျယ် ၃၅၀ ဧကရှိကြောင်းသိရသည်။ ကန်အတွင်း ပဒုမာကြာတောကြီးများ နေရာအနှံ့ပေါက်ရောက်လျက် ရှိပြီး ကြာဖြူ၊ ကြာနီ၊ ကြာညိုစသည့်ကြာမျိုးစုံပေါက်လျက်ရှိကာ နှစ်စဉ်ဆောင်းတွင်းကာလမှလွဲ၍ ကျန်လများတွင် ကြာအများဆုံးပေါက်ရောက်ကြောင်းသိရသည်။
စိုးမိုးသူ( စလင်း)


