ဘားအံ ၂၄ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘားအံမြို့နယ်ရဲသာကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာနမှ တရားမဝင် ရယူထားသည့် လယ်မြေဧရိယာ(၁၀.၅၈)ဧကအား ယာယီလုပ်ပိုင်ခွင့်ပုံစံ(၃)များ ပြန်လည် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ဘားအံမြို့ ဇွဲကပင် ခန်းမတွင် ပြုလုပ်သည်။
ပြန်လည်ပေးအပ်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကားပြောကြားပြီး ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃)များ အား မူလပိုင်ရှင်များ ဖြစ်သော တောင်သူ(၂)ဦးထံ၏လက်ဝယ်သို့ ပေးအပ် ပေးခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦးက တောင်သူ(၂)ဦးထံ၏ လက်ဝယ်သို့လည်းကောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးကျော်စိုးက တောင်သူ (၂)ဦးထံ၏ လက်ဝယ်သို့လည်းကောင်း ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် တက်ရောက်လာကြသောဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ ရာတွင် ကျေးရွာဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှု များကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


