စလင်း ၁၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဈေးမရပ်ကွက်ရှိ ရွှေတန်ဆာဘုရား၌ နှစ်စဉ်ကျင်းပပြုလုပ်သော သီတင်းကျွတ်ပွဲတော်အကြိုအဖြစ် စလင်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးတို့တွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များကို သီတင်းကျွတ်အကြို ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေတန်ဆာဘုရား၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းသပိတ်ကပ်လှူပွဲကို စလင်းမြို့နယ်၌ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ပြီး မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြရာ ဆရာတော်သံဃာတော် (၄၂၇)ပါးနှင့် သီလရှင် (၇၈)ပါးတို့အား ဆွမ်းသပိတ်များ ကပ်လှူခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


