ကော့ကရိတ် အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့စက်မှုလယ်ယာဦးစီးဌာနအမှတ်(ဆွယ်) စက်မှုလယ်ယာစခန်းမှ ယမန်နေ့ နံနက်(၈)နာရီချိန်က ကော့နွဲကျေးရွာ၊ တောင်သူဦးစောမင်းအောင်၏ စံပြစပါးစိုက်ခင်း(၁၀)ဧကတွင် ကြားပေါင်းလိုက် သမန်းနှိုးစက် (PowerWeeder) အသုံးပြုခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြသပွဲကို ကျင်းပသည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူးဦးစိုးသီဟမှ (PowerWeeder) အသုံးပြုခြင်းများအကြောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးခင်မောင်ကျော်မှ (PowerWeeder) ဖြင့် ကွင်းလက်တွေ့ အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
တောင်သူများအား ကြားပေါင်းလိုက်သမန်းနှိုးစက်ဖြင့် အသုံးပြုပုံကိုလက်တွေ့ပြသပေးခြင်းဖြင့် တောင်သူများ လုပ်အားခများ သက်သာခြင်း၊ အချိန်ကုန်သက်သာ၍ မြန်ဆန်ခြင်း၊ စပါးအထွက်တိုးခြင်းများ စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် ကော့နွဲ၊ ကမိုင်ကုန်း၊ အမှတ်(၁)၊(၆)၊ တတန်ကူးကျေးရွာ တို့မှတောင်သူစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ပြီးလက်တွေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


