မင်းဘူး  ၂၈     စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ဘိုးဘွားရိပ်သာ တစ်ထပ်အဆောက်အအုံ နှစ်ဆောင် တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ဘိုးဘွားရိပ်သာ တည်ဆောက်ရေး ကော်မတီဉက္ကဌ ထံမှ သိရသည်။

 

အဆိုပါ ဘိုးဘွားရိပ်သာတည်ဆောက်ခြင်းကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍနှစ် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၅၅၀)ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ဘိုးဘွားရိပ်သာ အဆောက်အအုံ တည်ဆောက်နေမှုမှာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘိုးဘွားရိပ်သာသည် မြေဧက (၂ )ဧက ကျယ်ဝန်းပြီး၊ အလျား ပေ၅၀ ၊ အနံ ပေ ၃၀  ၊ အမြင့် ၁၀ ပေ ရှိ  Steel  Structure အဆောင်နှစ်ဆောင် တည်ဆောက်နေပြီး တစ်ဆောင်လျှင် အဘိုး(၁၀)ဉီး၊ အဘွား(၁၀)ဉီး စုစုပေါင်း(၂၀)ဉီး နေထိုင်နိုင်မည်ဖြစ်ပြီး ဓမ္မာရုံ၊ စားသောက်ဆိုင်၊ စားဖိုဆောင်တို့ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

“ ကျွန်တော်တို့ အခန်းတစ်ခန်းကို နှစ်ယောက်တစ်ခန်းဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာသုံးလုံးတွဲ၊ စုစုပေါင်း(၆)လုံး၊ ရေစုပ်ကန် ဂါလန်(၃၀ဝ၀) ဆန့် တစ်ခုပါရှိပြီး၊ ၃ လ အတွင်း အပြီးတည်ဆောက် သွားနိုင်ရန် လျာထားပါကြောင်း၊  ရေရှည်စီမံကိန်းဖြစ်တဲ့အတွက် စနစ်တကျ တည်ဆောက်သွားဖို့ လိုအပ်ပါကြောင်း၊ အလှူငွေထပ်မံရရှိပါက အဆောင်များကို ထပ်မံတည်ဆောက်ရန် ရည်ရွယ်ထားပါကြောင်း၊ ဘိုးဘွားရိပ်သာ တည်ဆောက်ရေးကော်မတီဉက္ကဌ ဉီးမျိုးမင်း ”  ထံမှ သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)