ရန်ကုန် ၂၇ စက်တင်ဘာ

 

၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူ စာပေတစ်သက်တာစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)တို့က အမှာစကားပြောကြားကြသည်။

 

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူစာပေတစ်သက်တာစာပေဆုရ စာရေးဆရာဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) အား လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ၂၀၁၈ ခုနှစ် ကဗျာပေါင်းချုပ် ပြိုင်ပွဲတွင် “မြင်းမိုရ်စိတ်ကူး ကဗျာများ"ဖြင့် ပထမဆုရ ဆရာချစ်စုအောင်အားလည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ (၃)ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က “နွားမဲ့လှည်းနှင့် အခြားကဗျာများ" ဖြင့်ဒုတိယ ဆုရဆရာကောင်းနွဲ့နှင့်  “မြင့်မြတ်သူဟု ဆိုရာဝယ်နှင့်အခြား ကဗျာများ" ဖြင့် တတိယဆုရ ဆရာအင်ပင်သန်းဌေးအောင်တို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ချိုချိုတင် (မစန္ဒာ)က ၂၀၁၈ ခုနှစ်အတွက် ဝတ္ထုရှည်ပြိုင်ပွဲတွင် “နားခိုရာမဲ့သူ၏ လောကနိဗ္ဗာန်ဘုံ” ဝတ္ထုဖြင့်  ပထမဆုရ ဆရာမပင်မြင့်စံ(ရွှေဘို)အား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)က “ဖော်မဲ့ဝေးလည်း လွမ်းမနေချင်” ဝတ္ထုဖြင့် ဒုတိယဆုရ ဆရာတင်တော်နှင့် “နေခြည်ဖြာမှ နွေးတော့သည်” ဝတ္ထုဖြင့် တတိယဆုရဆရာ ယိမ်းနွဲ့လျှံတို့အားလည်းကောင်း၊ အတွင်းရေးမှူး ဦးညွှန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က ၂၀၁၈ ခုနှစ်အတွက် ဝတ္ထုတိုပေါင်းချုပ်ပြိုင်ပွဲတွင် “မျိုးနှင့်အခြားရသစာစုများ” ဝတ္ထုတိုဖြင့် ပထမဆုရ စာရေးဆရာမ နန္ဒာခင် (သက္ကလမြေ)အား လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဆရာမြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)က “အရိုင်းနှင့် အယဉ်စွန့်စားခန်းဝတ္ထုတိုများ"ဖြင့် ဒုတိယဆုရ ဆရာလွင်ဦး(ကွမ်းခြံကုန်း)နှင့် “နွေကန္တာမှ ဆီးရိုင်းပင်များ” ဝတ္ထုတိုဖြင့် တတိယဆုရ ဆရာမောင်နေခြည်(ပြည်)တို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် တွဲဖက်အတွင်းရေးမှူး(၂) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) က ၂၀၁၈ ခုနှစ်အတွက် ကျမ်းစာပေပြိုင်ပွဲတွင် “မြန်မာမှု မြန်မာစာ သုတပဒေသာကျမ်း”ဖြင့် ဒုတိယဆုရ ဆရာကျော်သက်ခိုင် (မုံရွာ)နှင့် “မြန်မာ့ကနုတ်ပုံ အရုပ်စုံ အနုလက်ရာများ” ဖြင့် တတိယဆုရ ဆရာမောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)တို့အား လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၃) ဆရာမှော်ဝန်းကြည်မြတ်က ၂၀၁၈ ခုနှစ်အတွက် သုတေသနစာပေပြိုင်ပွဲတွင် “ဓနုတိုင်းရင်းသားဘာသာစကားနှင့် မြန်မာစာ၊ မြန်မာစကား ဆက်နွယ်မှုများ”ဖြင့် ဒုတိယဆုရ ဆရာမခင်(တောင်ကြီး)နှင့် “မွန်ဓလေ့ မွန်စရိုက် မွန်သမိုင်း” ဖြင့် တတိယဆုရဆရာကိုကိုညိမ်း (ကောလင်း)တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ပခုက္ကူ ဦးအုံးဖေစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးတင့်ဆွေက ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုရ “လူသားအကျိုးပြုပျား မျိုးစု” စာအုပ်ရေးသားသူ ဒေါက်တာခင်မောင်လွင် (FAME)၊ “ပါရီနှင့်အတူ စီးမျောခြင်း” စာအုပ်ရေးသားသူ ဆရာမင်းမော်လှမြင့် (YSO-PKU)ကိုယ်စား ဒေါ်တင်တင်ခိုင်နှင့် “အတိုင်းအတာမသိ နှိုင်းစရာမရှိသော မိဘမေတ္တာ” စာအုပ်ရေးသားသူ ဆရာကိုထွန်း (ကျယ်ဂေါင်)တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်နှင့် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာသင်ဆုနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးတင့်ဆွေက ပခုက္ကူဦးအုံးဖေ စာပေဆု ဖြစ်ပေါ်လာရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူစာပေ တစ်သက်တာစာပေဆုရ စာရေးဆရာဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီသို့ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က လက်ခံသည်။

 

သတင်းစဉ်