မိုးညှင်း            ၂၆     စက်တင်ဘာ

ဒေသတွင်း စိုက်ပျိုးမှုအများဆုံးဖြစ်သည့် ဆင်းဧကရီ - ၃ စပါးမျိုးအား အမွှေးနံ့ပါဝင်သော ဗီဇထည့်သွင်း၍ မျိုးကူးစပ် သုတေသနပြု စမ်းသပ်စိုက်ပျိုးမှုကို မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံတွင် စမ်းသပ်စိုက်ပျိုးထားကြောင်း သုတေသနလက်ထောက် -၂ ဒေါ်တင်တင်ချိုက စက်တင်ဘာ၂၆ ရက်နေ့တွင် အဆိုပါ မျိုးကူးစပ်သပ်စိုက်ကွင်း ၌ပြောကြားသည်။

မျိုးကူးစပ်သုတေသနပြု စိုက်ပျိုးမှုနှင့်ပတ်သက်၍ မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံမှ သုတေသနလက်ထောက် - ၂ ဒေါ်တင်တင်ချိုက “ ဆင်းဧကရီ-၃ စပါးမျိုး အမွှေးနံ့ရဖို့  အမွှေးနံ့ပါတဲ့ ရွှေပြည်ဌေး၊ ရွှေဘိုပေါ်ဆန်းရင်၊ လုံးသွယ်မွှေးတို့နဲ့ ပေါင်းပြီး မျိုးစပ်ထုတ်လုပ်မှာဖြစ်တယ်၊ ဒီဒေသကလူတွေက ဆင်းဧကရီ - ၃ကို စိုက်ပျိုးတာများတယ်၊ နောက်ပြီး စားရင်လည်းဒီမျိုးစပါး ဆန်ကို ပိုစားတဲ့အတွက် အမွှေးနံ့လေးထည့်ပြီး စမ်းသပ်စိုက်ပျိုးကြည့်တာ” ဟု မျိုးစပ်ထုပ်လုပ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခုဆိုရင် ဒုတိယရာသီ စိုက်ပျိုးထားတယ်၊ အပင်ကတော့မြင်တဲ့အတိုင်းပဲ စပါးအရောင်ရော၊ အပင်အမြင့်ရော ကွာတယ်၊ ရွှေဘိုပေါ်ဆန်းရင်နဲ့ မျိုးစပ်တဲ့ဟာပဲ အဆင်ပြေတယ် ဒီကထွက်တဲ့စပါးတွေကို ရုံးချုပ်သုတေသနဌာနကိုပို့ပြီး အနံ့ပါ မပါစစ်ဆေးမယ်၊ အဆင်ပြေလို့ရှိရင် ကျွန်မတို့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း  စပါးစိုက်ရာသီ (၁၀) ရာသီအထိ စမ်းသပ် စိုက်ပျိုးမယ်၊ နောက်ဆုံး စိုက်ပျိုးရာသီ (၁၁) ရာသီမှာ စိုက်ပျိုးရရှိမယ့်စပါးကို ရုံးချုပ်ကိုပို့ပြီး စမ်းသပ် စစ်ဆေးမှုတွေ လုပ်မယ်၊ အဆင်ပြေရင် ကျွန်မတို့ဒေသနဲ့ကိုက်ညီမှုရှိမရှိ ပြန်လည်စမ်းသပ်စိုက်ပျိုးပြီး ရရှိတဲ့စပါးကို မျိုးစေ့ဘဏ်ကို ပို့ဆောင်စစ်ဆေးစေမယ်၊ အဲဒီမှာအဆင်ပြေရင် မျိုးစေ့အသစ်အဖြစ် တောင်သူတွေလက်ထဲ ဖြန့်ဝေသွားမယ်” ဟု ပြောကြားသည်။

မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီ ဩဂုတ်လကုန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ မိုးစပါးစိုက် ဧကပေါင်း ၉၁၀၉၆ စိုက်ပျိုးထားရှိရာ ဆင်းဧကရီ-၃ စပါးမျိုးစိုက်ပျိုးသည့် စိုက်ဧကပေါင်း ၈၇၈၉၄ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းဇယားများအရသိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)