ရန်ကုန် ၃၁ သြဂုတ်


စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာ ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ညှိနှိုင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများအတွက် စိုက်ပျိုးမွေးမြူရေးချေးငွေများကို တောင်သူများ အပါအဝင် လုပ်ငန်းရှင်များသို့ လိုအပ်သည့် ငွေကြေးအရင်းအနှီးများရရှိစေရန် ၂၀၁၈ ခုနှစ် ဧပြီလကစ၍ ထုတ်ချေးပေးလျက်ရှိသည်။


ချေးငွေကို နှစ်တိုချေးငွေ သုံးနှစ်၊ နှစ်ရှည်ချေးငွေငါးနှစ်သတ်မှတ်ပြီး နှစ်တိုချေးငွေအတွက် ကျပ်သိန်း ၅၀ဝ အထိ ထုတ်ချေးလျက်ရှိပြီး နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း ၅၀ဝ၀ အထိထုတ်ချေးလျက်ရှိကာ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၉ ရာခိုင်နှုန်းဖြစ်ပြီး ငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ်  စိစစ်၍ ချေးငွေသက်တမ်း ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


မွေးမြူရေးသမားတွေက ၁၀၅၊ ၁၀၆ကမြေရာဇဝင်ခေါ်တာပေါ့။ ၁၀၅၊ ၁၀၆ ကရှိတယ် ပိုင်ဆိုင်ကြတယ်။ ဒါပေမယ့် အမည်ပြောင်းလို့ မရဘူးဖြစ်နေတာ။ ဂရန်ဆိုတာကလည်း မွေးမြူရေးလုပ်ငန်းတွေက မြို့ပြင်တွေမှာလုပ်ကြတာဆိုတော့ ဂရန်ရဖို့ကတော့ အဝေးကြီးပဲ။ ဂရန်က မြို့တွင်းတွေပဲပေးတာလေ။ ချေးငွေလျှောက်ရင် ပိုင်ဆိုင်မှုကိုလည်း ကိုယ်လျှောက်မယ့် ချေးငွေရဲ့ လေးဆလောက်ပြရတယ်။ သိန်းနှစ်ရာချေးမယ်ဆိုသိန်းရှစ်ရာဖိုးပြရတာ။ မပြနိုင်ရင် ချေးငွေက Cancel ဖြစ်ပြီဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောကြားသည်။


ချေးငွေလျှောက်ထားပါက မြေရာဇဝင်ဖြစ်သည့် ၁၀၅၊ ၁၀၆ တင်ပြရခြင်း၊ ဂရန်တင်ပြရခြင်းအပြင် မိမိလျှောက်ထားမည့် ချေးငွေ၏ ပိုင်ဆိုင်မှုလေးဆခန့်တင်ပြရသည့်အတွက်လည်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများမှာ ချေးငွေမရရှိကြောင်း ၎င်းကပြောဆိုသည်။


စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်း၊ မွေးမြူရေးလုပ်ငန်း သို့မဟုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းများဖြစ်ပါက လန ၃၉၊ ပုံစံ ၁၀၅၊ ၁၀၆ မူရင်း၊ ငွေချေးယူလို သူနှင့် ပူးတွဲအာမခံသူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမည်ဖြစ်သည်။


ချေးငွေအတွက် အာမခံပစ္စည်း လုံလောက်စွာမပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့် ဆက်သွယ်၍ ချေးငွေအာမခံစနစ်ဖြင့် လျှောက်ထားနိုင်ပြီး ကျပ်သိန်း ၂၀ဝ ထက်ပိုသည့် ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ် အစီရင်ခံစာကို ပူးတွဲတင်ပြရမည်ဖြစ်ကာ ချေးငွေရယူလိုသူများသည် အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ သို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများလျှောက်ထားနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


စိုက်ပျိုးမွေးမြူရေးချေးငွေများ စတင်ထုတ်ချေးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်အထိ မြို့နယ်ပေါင်း ၁၁၀ မှစိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၆၅၀ ဦးကို ငွေကျပ် ၁၀၄၅၂ သန်းကျော် ထုတ်ချေးထားပြီး ချေးငွေနှင့်ပတ်သက်၍မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ဝ၁- ၃၉၁၂၃၅၊ ဖက်စ် ဝ၁ ၃၈၁၇၀၃ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။


သူရိန်ကျော်