တပ်ကုန်း ၂၇ ဩဂုတ်

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ  ကျေးလက်နေတောင်သူများသည် တစ်ပိုင်တစ်နိုင်ဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုစားဝတ်နေရေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသီးနှံများမှာ စပါး၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ကြက်သွန်၊ အာလူး၊ ကော်ဖီ၊ ဖရဲ၊ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ဘုရားပန်း စသည့်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ထမင်းဝိုင်းတွင် တို့စရာ၊ ကြော်ချက်စားစရာအဖြစ် စားသုံးရသည့် ရုံးပတီသီးနှံများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြသည်။

 

14

 

“ဒီစိုက်ခင်း(ဝဝ.၇ဝ)ဧကခန့်ကို နွားချေမြေဆွေးများနဲ့ ထယ်ရှဉ်း၊ ထွန်ရှဉ်းများဖြင့် မြေပြုပြင်ပြီး နှစ်တောင်စမ်းနဲ့ စိုက်ပါတယ်၊ ရုံးပတီမျိုးကတော့ ယခင်နှစ်ကစိုက်တဲ့ ထိုင်းမျိုးများကို နေလှန်းအခြောက်ခံပြီး အစေ့များထုတ်ယူထားတဲ့ ဒုတိယသက်တမ်းမျိုးစေ့ မျိုးတွေဖြစ်ပါတယ်၊ ရုံးပတီ မျိုးစေ့များကို  ပျိုးမထောင်ဘဲ အစေ့များတိုက်ရိုက်တန်းချကာ နယုန်လဆန်း(၁ဝ)ရက်က စတင်စိုက်ပျိုးပါတယ်၊ အစေ့စိုက်ပြီးရက်မှ အသီးများကို (၄၅ မှ ၆ဝ)ရက်အတွင်း ဆွတ်ခူးရောင်းချရပါတယ်၊ စိုက်ခင်းသွင်းအားစု ကုန်ကျစရိတ်ကတော့ ခြောက်သောင်း၊ ခြောက်သောင်းခွဲခန့်ရှိပြီး ဖောက်သည်ဈေးနှုန်းဖြင့် ရုံးပတီတစ်တောင့်ကို ၅ ကျပ်နှုန်းနဲ့ ရောင်းရပါတယ်၊ အမြတ်ငွေကတော့ သုံးသိန်းကျော် ခန့်မှန်းထားပါတယ်”ဟု ကြံဘိုကျေးရွာမှ ရုံးပတီသီးပင်စိုက်တောင်သူ ဉီးဝင်းနိုင်က ပြောပြသည်။

ရုံးပတီပင်သည် မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေမဝပ်သောမြေတွင် ပိုမိုကြိုက်နှစ်သက်၍ ရာသီမရွေး ရေလောင်းစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်