ငပုတော  ၂၃  သြဂုတ် 


ဧရာဝတီတိုင်း ငပုတောမြို့နယ်  သက္ကယ်ချောင်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေရှိရေး ရေသန့်စင်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာသူ ကျေးရွာသားများအား ချပြရှင်းလင်းခြင်းနှင့် ရေပေးရေးကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်း က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။ 


ရှေးဦးစွာ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်း က ကျေးလက် နေပြည်သူများအားသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်စင်စနစ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာရေပေးရေး ကော်မတီ(၉)ဦးအား ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။ 


အဆိုပါလုပ်ငန်းကို ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် Life Straw ရေသန့်စက်(၁၀)လုံးနှင့် Storage Tank (1100L)ဆံ့(၃)လုံး၊ အလျား ၁၀ ပေ၊ အကျယ်(၁၃)ပေ၊ အမြင့် (၁၇)ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ(၈၀ဝ)ဆံ့ စင်မြင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို ယခုနှစ် ဒီဇင်ဘာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ငြိမ်းသူ