အထက်မင်းလှ ၂၂ ဩဂုတ်
သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ရွေ့လျားကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက လင်းကယ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေးက ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများထံအရောက် ရွေ့လျားကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များကို တစ်နေရာတည်း၊ တစ်ပြိုင်တည်းတွင် ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လင်းကယ်တိုက်နယ်ဆေးရုံမှ ဒေါက်တာဟေမာန်ကိုက ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေး၊ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးမှူး ဒေါ်လှရှင်က မကူးစက်နိုင်သော ရောဂါများအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးဟန်မိုးလွင်က တရားဝင်ပြဋ္ဌာန်းထားသည့် အချက်များနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုများကိုလည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်ဇော်မင်းက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) ထုတ်ပေးနေမှုအခြေအနေကိုလည်းကောင်း၊ လင်းကယ်ရဲကင်းမှူး ရဲအုပ်အောင်နိုင်ဦးက လူကုန်ကူးမှုအန္တရာယ် အကြောင်းများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာနည်ဌေးက ဆီးချိုသွေးချိုရောဂါ အကြောင်းများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


