ရေတာရှည် ၂၂ ဩဂုတ် 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် အနောက်မှအရှေ့ဘက် စစ်တောင်းမြစ်အထိ စီးဆင်းလျက်ရှိသော ဆွာချောင်းသည် မိုးရာသီကာလရောက်တိုင်း ကမ်းပြိုကမ်းစားမှုများကြောင့် ရေစီးကြောင်း ပြောင်းလဲဖြစ်ပေါ်လေ့ရှိရာ ကျေးရွာများနှင့် စိုက်ပျိုးမြေ၊ သီးနှံစိုက်ခင်းများ ဆုံးရှုံးပျက်စီးကြရမြဲဖြစ်သည်။ ယခုအခါ ချောင်းတစ်လျှောက် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းတစ်လျှောက် သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည့် ကိုင်းပင်များကြောင့် ရေတိုက်စားမှုမှ ကာကွယ်ထားသလို ဖြစ်နေရာ ကမ်းစပ်တစ်လျှောက် စိုက်ပျိုးထားသည့် တောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း ရေနီးကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“အရင်က ကျွန်တော်တို့ရွာဘေး ချောင်းစပ်တွေမှာ ကိုင်းပင်တွေကို တမင်တကာစိုက်ထားတော့ ကမ်းပါးတွေပဲ့တာမရှိတော့ဘူး။ အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာလဲ ကိုင်းပင်တွေပွားလာတယ်။ အများကြီးပေါက်လာတော့ စိုက်ခင်းတွေအတွက် အဆင်ပြေသွားတာပေါ့။ နို့မဟုတ်ရင် နှမ်းတို့ မြေပဲတို့စိုက်ပြီးရင် ကမ်းပါးပြိုတဲ့အထဲ ပါကုန်လို့ အချို့ဆို စိုက်တောင်မစိုက်ကြတော့ဘူး”ဟု အထက်ပါဒေသခံကပင် ဆက်လက်ပြောသည်။

ဆွာဆည်တမံမှ ရေများတိုက်ရိုက်လွှတ်ထားခြင်း၊ သမယ်ဆယ်ချောင်းနှင့် သိုင်းချောင်းများမှ ကမ်းပါးနီကျေးရွာအနီးတွင် ဆွာချောင်းအတွင်းသို့ ပေါင်းစုံစီးဝင်ခြင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းသည့်အခါ ရေစီးနှုန်းမြန်ဆန်၍ ရေပြန်ကျသည့်အခါ ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်၍ ချောင်းတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ကိုင်းပင်များကို စုပေါင်းစိုက်ပျိုးသင့်ကြောင်း အကြံပြုပြောကြားမှုများလည်း ရှိနေသည်။ 

ကိုလွင်(ဆွာ)