မန္တလေး ၁၉ သြဂုတ်
ဆိုင်ကယ်မြို့တော်လို့ ခေါ်ဆိုရမယ့် မန္တလေးမြို့မှာ ဆိုင်ကယ်ခိုးမှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ ဆိုင်ကယ်ခိုးသူတွေဟာ တန်ဖိုးကြီး ဆိုင်ကယ်တွေကို ခိုးယူလာတဲ့အတွက် ဆိုင်ကယ်ပိုင်ရှင်များ အနေဖြင့် GPS စနစ်တွေ တပ်ဆင်လာကြပါတယ်။ မိမိတို့ရဲ့ တန်ဖိုးကြီး ဆိုင်ကယ်တွေကို GPS တပ်ဆင်ပြီးလည်း လိုက်နာရမယ့် အချက်တွေ၊ သတိပြုရမယ့် အချက်တွေကို သိရှိနိုင်ရန် HAPPY GPS Myanmar မှ CEO ကိုဝေနှင်းကိုကိုနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး-အရင်ကထက် ဆိုင်ကယ်တွေမှာ GPS တပ်တဲ့သူတွေပိုများလာလား။
ဖြေ-များလာတယ် အရင်က ဆိုင်ကယ် အစီး ၂၀ဝ၊ ၃၀ဝ လောက်ဆိုရင် အခု အစီး ၅၀ဝ လောက် ပိုတပ်လာရတယ်။ အများဆုံးကတော့ ဆိုင်ကယ်အသစ်တွေ လာတပ်ကြတာ များတယ်။ ဆိုင်ကယ် ကလစ်တို့၊ စကူဖီး၊ YAMAHA၊ ဟွန်ဒါတို့ များတယ်။
မေး-ဆိုင်ကယ်တွေမှာ တပ်ဆင်တဲ့ GPS ကဘယ်လိုအမျိုးအစားတွေရှိသလဲ။
ဖြေ- GPS သီးသန့်လည်းရှိတယ်။ GPS ကိုစက်လှမ်းရပ်လို့ရတာရှိတယ်။ စက်လည်းလှမ်းရပ်လို့ရတယ်၊ ရုပ်ပါမြင်ရတာလည်းရှိတယ်။
မေး-GPS တပ်ဆင်ထားတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေအတွက် ဘယ်လိုဝန်ဆောင် မှုတွေပေးလဲ။
ဖြေ-GPS ဆိုင်ကယ်တွေ မပျောက်အောင် ဝန်ဆောင်မှုပေးတယ်။ ဆိုင်ကယ်တွေ ပျောက်ရင်လည်း ဆာဗာတွေကနေ လှမ်းရှာပေးတယ်။ ရဲတွေနဲပူးပေါင်းပြီး ပြန်ရှာပေးတယ်။ အခုဆိုရင် GPS နဲ့ရှာတွေ့တာ အစီး ၂၀ ကျော်ရှိပြီ။
မေး- GPS တပ်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ။
ဖြေ- အခုဆိုရင် ဆိုင်ကယ်အသစ်ဝယ်တဲ့ ဖောက်သည်တွေ ကျွန်တော့်ဆီ လာတာများတယ်။ ဆိုင်ကယ် တန်ဖိုးကြီးလာတာနဲ့အမျှ သူတို့မှာ ဝန်တွေပိလာတယ်။ ကားတွေမှာလည်း GPS တပ်လာတယ်။ ဥပမာ ကားကို တစ်လဆိုပြီး ငှားတယ်။ ပြန်မပေးတာတွေရှိတဲ့အတွက် ကားတွေမှာလည်း GPS တပ်လာတယ်။
မေး- ဆိုင်ကယ်ပျောက်ပြီဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။
ဖြေ- ဆိုင်ကယ်ပျောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ဆီကို ဖုန်းဆက်ပါ။ ကျွန်တော်တို့ဆီက ဆာဗာတွေနဲ့ ဆိုင်ကယ်တည်နေရာကို လိုက်ရှာပေးတယ်။ ပိုင်ရှင်ကို ရဲစခန်းမှာ အမှုဖွင့်ခိုင်းတယ်။ အမှုဖွင့်ခိုင်းပြီး Location အတိအကျ ရပြီဆိုတာနဲ့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကျတော်တို့ ကိုယ်တိုင်လိုက်ပေးတယ်။ ဆိုင်ကယ်နဲ့ အနီးဆုံးနေရာအထိ လိုက်ရှာပေးတယ်။
မေး-GPS တပ်ပြီး ဆိုင်ကယ်ခိုးခံရတဲ့အထဲမှာ ပြန်မရတဲ့ဆိုင်ကယ်တွေရှိလား၊ ရှိရင်ဘာကြောင့်လဲ ဆိုတာရှင်းပြပေးပါ။
ဖြေ-ဆိုင်ကယ်ပျောက်တဲ့အထဲမှာ ကျွန်တော်တို့ဆီကို အကြောင်းကြားတာ အစီး ၂၀ ကျော်ရှိတယ်။ ပြန်မတွေ့တဲ့ဆိုင်ကယ်က ၃ စီးလောက်ရှိတယ်။ အဲဒီဆိုင်ကယ်တွေက ဘာလို့ပြန်မတွေ့တာလဲ ဆိုရင် ဆိုင်ကယ်ပျောက်တာနဲ့ ကျွန်တော်တို့ကို အကြောင်းမကြားဘူး။ တစ်ပတ်လောက်နေမှ အကြောင်းကြားတယ်။
နောက်တစ်ခုကကျတော့ ရိုးရိုး GPS တပ်ထားတယ်။ ပျောက်တာကို အကြောင်းမကြားပဲ သူ့ဘာသာသူပဲ လိုက်တယ်။ လိုက်တော့ သူခိုးက သူလိုက်မှန်းသိတော့ လယ်တောထဲမောင်းပြေးတယ်။ ပြီးတော့ GPS ကိုဖြုတ်ပြီး လွှင့်ပစ်ပြီးသွားပြီ။ အဲအချိန်ကျမှ ကျတော်တို့ဆီကို ဖုန်းဆက်တယ်။ နောက်တစ်စီးကကျတော့ သူခိုးက ခိုးသွားတယ် ခိုးပြီး GPS ကိုဖြုတ်သွားတယ်။ ကျွန်တော်တို့ရဲ့ GPS System က သူခိုးက GPS ကိုဖြုတ်ရင် ပိုင်ရှင်ကို လှမ်းအကြောင်း ကြားတယ်။ ဒါပေမယ့်သူ့စက်က အကြောင်းမကြားဘူး။ ဘာလို့လဲဆိုတော့ အဲဒီအထဲကို ဖုန်းဘေလ်ထည့်ရတယ် ဖုန်းဘေလ်က တစ်လကို ၅၀ဝ လောက်ကုန်တယ်။ အကြမ်းဖျင်း ၃၀ဝ၀ ထည့်ရင် ၆ လလောက်ရတယ်။ အဲဒီ ဖောက်သည်က ဘေလ်ကိုကွက်တိ ထည့်တာ။ သူခိုးသွားတဲ့အချိန်မှာ စက်က ပိုင်ရှင်ကိုဖုန်းခေါ်တယ်။ ဒါပေမယ့် စက်ထဲမှာ ဘေလ်မရှိဘူး။
မေး- GPS တပ်ဆင်ထားတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေလည်း ဘာတွေသတိထားရမယ်ဆိုတာပြောပေးပါ။
ဖြေ- တစ်ချို့ကကျတော့ GPS တပ်ပြီးရင် လုံးဝလှည့်မကြည့်တော့ဘူး။ ခိုးခံရပြီဆိုမှ ကျွန်တော်တို့ကို အကြောင်းကြားတဲ့ ကမ်စတမ်မာတွေရှိတယ်။ တချို့ကျတော့လည်း GPS ကို တစ်ပတ်တစ်ကြိမ် လိုင်းမှန်လား၊ GPS ပေါ်လားဆိုပြီး ကြည့်တဲ့ ကမ်စတမ်မာတွေရှိတယ်။ တစ်လတစ်ကြိမ်လောက်တော့ GPS ကိုကြည့်ပါ။ ဆာဗာသက်တမ်း ကုန်ရင် သက်တမ်းတိုးပါ။ တကယ်လို့ ဖုန်းဘေလ်ကုန်ရင် ဖုန်းဘေလ်ဖြည့်ပါ။ ဖုန်းဘေလ်မဖြည့်လို့ ဆိုင်ကယ်ပျောက်တယ်ဆိုတာ တော်တော်ကိုရင်နာစရာ ကောင်းတယ်။
မေး-သူခိုးခိုးခံရတဲ့ ဆိုင်ကယ်တွေကို GPS ကနေတစ်ဆင့်ပြန်ရှာတဲ့အခါ ဘယ်ဒေသတွေမှာ ပြန်တွေ့ရတာများလဲ။
ဖြေ-ပြန်တွေ့တာက ကျောက်ဆည်၊ စဉ့်ကိုင် ဘယ်မှာ တွေ့ရတာများတယ်။ ၁၂ စီးလောက်က အဲဒီဘက်က ပြန်တွေ့တယ်။
မေး-သူခိုးတွေက ဆိုင်ကယ်တွေကိုခိုးပြီး ဘယ်လိုတွေ လုပ်တက်သလဲ။
ဖြေ- သူခိုးတွေကလည်း လည်လာတယ်။ သူတို့ခိုးပြီးပြီဆိုတာနဲ့ တစ်စီးလုံးကို ကာဗာခွာပြီး GPS ဖြုတ်တယ်။ GPS တပ်ရင်လည်း တစ်နေရာနဲ့ တစ်နေရာမတူအောင် တပ်ရတယ်။ အရင်ကဆို သူတို့က ရင်အုပ်ပဲခွာတယ်။ အခုကျတော့ တစ်စီးလုံး အကုန်ခွာတယ်။ ပြီးရင် ကာဗာပါချိန်း ပစ်တယ်။ မနေ့က ကွန်ဗန်းရှင်းစင်တာက အာဆီယံ အစားစာပွဲတော်မှာဆိုရင် သူခိုးက ဆိုင်ကယ်စတင်းကနေ ခိုးသွားတယ်။ ပြီးတော့ သူက ဘုရားကြီးက ဆိုင်ကယ်စတန်းမှာ အရင်ထိုးထားတယ်။ အခြေနေကောင်းပြီဆိုမှ ပြန်ယူမှာ။ သူ့အိမ်မှာ ဆိုင်ကယ်ဖြုတ်ရင် မိမှာစိုးတဲ့အတွက် ဆိုင်ကယ်စတင်းမှာ အရင်အပ်တယ်။ နောက် နှစ်ရက် ၊ သုံးရက်နေမှ ပြန်ရွေးတယ်။
မေး-GPS တပ်မယ်ဆိုရင် ဈေးနှုန်းတွေဘယ်လောက်ကနေ ဘယ်လောက်ထိရှိလဲ။
ဖြေ- သုံးမျိုးရှိတယ်။ ၆၀ ဝ၀ဝ ကျပ်တန် သူက GPS သီးသန့် ၊ ၇၅ ဝ၀ဝ ကျပ်တန်က စက်ပါလှမ်းရပ်လို့ရတယ်။ ၉၅ ဝ၀ဝ ကျပ်တန်က အသံပါကြားရတယ်။ သူခိုး ခိုးသွားရင်တောင် သူတို့ဘာပြောနေလဲဆိုတာပါ ကြားရတယ်။ GPS ကသပ်သပ် အာမခံ ပတ်ကေ့သပ်သပ် ရှိပါတယ်။ ဆိုင်ကယ်တန်ဖိုးပေါ်မူတည်ပြီး အာမခံ ပတ်ကေ့ချ်ရှိတယ်။ သိန်း ၂၀ တန် ဆိုင်ကယ်ဆိုရင် အာမခံက ၆၀ဝ၀ဝ ဝန်းကျင်ရှိတယ်။ သိန်း ၃၀ တန် ဆိုင်ကယ်ဆိုရင် အာမခံက တစ်သိန်းဝန်းကျင်ရှိတယ်။ တစ်နှစ်အတွင်း ဆိုင်ကယ်ပျောက်သွားရင် ပြန်လျော်ပေးတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
အိမို့မို့ခိုင်


