တောင်သူများစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများ၏ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်

ပူတာအို ၅ ဇန်နဝါရီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ   ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးလှမြင့်အောင်သည် ပြည်နယ်၊ ခရိုင်မှ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ တောင်သူများစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆောင်းက   သဘာဝမြေဆွေးကို အသုံးပြုပြီး ဘောင်စနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဈေးကွက်ဝင်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် GAP စိုက်ပျိုးနည်းစနစ်များနှင့်အညီ စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးခန်းမတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သော ဝန်ထမ်းများဖြစ်အောင်  လေ့ကျင့်ပျိုးထောင်သွားရန်နှင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူလယ်သမားများထံသို့ ဖြန့်ဖြူးပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)

 

mdn