ပွင့်ဖြူ ၁၃ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းကမ်းပါးပြိုကျမှု အန္တရာယ် လျော့နည်းသက်သာစေရန်အတွက် ဗာတီဗာမြက်နှင့် မအူပျိုးပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ဩဂုတ် ၁၂ ရက်၊ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ မုန်းကမ်းပါးတစ်လျှောက်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် အတွင်းရှိ မုန်းချောင်းကျေးရွာများသည် နှစ်စဉ်မိုးတွင်းကာလများတွင် ကမ်းပြိုမှုအန္တရာယ်များ ကျရောက်လေ့ရှိကြောင်း သိရ၍ ယခုနှစ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ မုန်းချောင်းအနီး ကျေးရွာများဖြစ်သည့် ယောစုကျေးရွာ၊ ရွာသစ်ကျေးရွ ၊ ပိန္နဲတောကျေးရွာ၊ သရက်အုပ်ကျေးရွာနှင့် သံဘိုကျေးရွာတို့တွင် မုန်းချောင်းကမ်းပါး ပြိုကျမှုအန္တရာယ ်ကင်းဝေးစေရန်အတွက် ကမ်းပြိုကာကွယ်ရေး ယူကလစ်ပင်နှင့် ဗာတီဗာမြက်မျိုးများကို ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
စုပေါင်းစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော် က တန်ဖိုးရှိသော သစ်တောသစ်ပင်များကို စနစ်တကျ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှု နည်းပါးစေခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ တန်ဖိုးများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများ၊ ပလပ်စတစ်သုံးစွဲမှုနှင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချရေးဆိုင်ရာများ၊ မြစ်ချောင်းများ ရေတိုက်စားမှု လျော့ပါးသက်သာစေရန် မြစ်ချောင်းကမ်းပါးတစ်လျှောက် ကမ်းပြိုကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် နည်းလမ်းများကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဖွံ့ဖြိးတိုးတက်ရေးအဖွဲ့ (PDO) မှ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ယောစုကျေးရွာ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မုန်းချောင်းကမ်းပါးတစ်လျှောက် ကမ်းပြိုကာကွယ်ရေး ဗာတီဗာမြက် ၄၂၅ ပင်၊ မအူပျိုးပင် ၇၅ ပင် ၊ စုစုပေါင်း အပင် ၅၀ဝ အား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


