မိတ္ထီလာ ၂၃ ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် ကန်တော်မင်္ဂလာခန်းမအနီး ကန်သာယာရပ်ကွက်၌ တည်ရှိသည့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ မြန်မာ့ရိုးရာ ရက်ကန်းပညာနှင့် တိုင်းရင်းသားများ၏ ရိုးရာဂျပ်ခုတ်နည်း ပညာကို ထိန်းသိမ်းရန်၊ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်၊ ခေတ်မှီရက်ကန်းနည်းပညာများကို တိုးတက်ပြန့်ပွားရန်၊ မြန်မာ့လက်ရက်ကန်းမှ စက်ရက်ကန်းသို့ အဆင့်မြှင့်တင်နိုင်ရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလှမ်းများရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လူငယ်များအား လက်ရက်ကန်းပညာများ၊ စက်ရက်ကန်းပညာများကို သင်တန်းများ ဖွင့်လှစ်၍ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။


“ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ မိတ္ထီလာမြို့နယ်နှင့် ထိစပ်လျှက်ရှိသည့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ပန်းတောင်းမြို့နယ်များ အတွင်းရှိ လူငယ်များ လာရောက်ပြီး လက်ရက်ကန်းပညာများ၊ စက်ရက်ကန်းပညာများကို လာရောက်သင်ကြားလျှက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ၂၀ဝ၀-၂၀ဝ၁ ခုနှစ် ပညာသင်နှစ်မှ ယနေ့အထိ (စက်ရက်ကန်း) ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ သင်တန်းကာလ (၁)နှစ်၊ လက်ရက်ကန်းကို သင်တန်းကာလ (၆) လနှင့် စက်ရက်ကန်း စက်မောင်း/စက်ပြင် သင်တန်းကာလ (၂) လ သတ်မှတ်ကာ ဖွင့်လှစ်ပို့ချ ပေးလျှက်ရှိသည်။ 


ယင်းသို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ယခုဖွင့်လှစ်သည့် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ သင်တန်းကို သင်တန်းသား ဦး (၂၀) သတ်မှတ်၍ လက်ခံသင်ကြားပေးလျှက်ရှိသည်။ ထိုသို့ လက်ခံသင်ကြားပေးရာတွင်လည်း   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းရှိ အိမ်ထောင်မရှိသူများ တက်ရောက်သင်ကြားနိုင်သည်။၎င်းပြင် ပညာအရည်အချင်း အနေဖြင့် အနည်းဆုံး အလယ်တန်းအဆင့် (၈)တန်းအောင်မြင်သူများဖြစ်ပြီး ကျန်းမာရေးလည်း ကောင်းမွန်ရမည်ဖြစ်ကြောင်း” ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။


အဆိုပါချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (စက်ရက်ကန်း)(၁)နှစ် သင်တန်းကို မိတ္ထီလာမြို့နယ်မှ ခင်လူး၊ ဝန်ဇင်း၊ နတ်ကြီးကုန်း၊ တောမ၊ အောင်ချမ်းသာ၊ ချောက်ပင်၊ ပြည်ထောင်စုတိုးချဲ့၊ ပျော်ဘွယ်မြို့နယ်မှ ယင်းတောနှင့် နေပြည်တော်တို့မှ လာရောက်သင်ကြားလျက်ရှိရာ  ၎င်းသင်တန်းတွင် လက်ချည်မျှင်ဆွဲနှင့် ရက်ကန်၊ အထည် ခွဲစိတ် လေ့လားခြင်း(အထည်သင်္ချာ)၊ အထည်ဒီဇိုင်း၊ အမျှင်ကုန်ကြမ်း၊  တိုင်းရင်းသားရိုးရာဂျပ်ခုတ်နှင့် စာစည်းကြိုးဘာသာရပ်များ၊ စက်ရက်ကန်းစက်ပြင်၊ စက်မောင်းခြင်း၊ လက်ရက်ကန်းခတ်ခြင်း၊ သဘာဝဆေးဆိုး၊ ဓါတုဆေးဆိုးခြင်း၊ ရိုးရာဂျပ်ခုတ်နည်း ဖြင့် ခတ်ခြင်း၊ နှတ်ကောက်၊ ယဉ်သွား ပေါက်၊ ချားဆွဲခြင်းဘာသာရပ်များကို  ဇူလိုင် (၁)ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် (၈) နာရီမှ ညနေ(၄)နာရီအထိ စာတွေ့လက်တွေ့  သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

                            
သိန်းမြင့်ကျော်(မိတ္ထီလာ)