ရန်ကုန် ၂၃ ဇူလိုင်
ရန်ကုန်မြို့လယ်ရှိ လမ်းမကြီး ၄ ခုမှ လမ်းဘေးဈေးသည်များကို ဈေးဆိုင်ခန်းများပေါ်ရောက်သည်ထိ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။
လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည် တွေပပျောက်ဖို့ အဓိက ဦးစားပေးလုပ်နေတယ်၊ ပပျောက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ သူတို့ရဲ့စားဝတ်နေရေးက ရှိသေးတယ် ဒါကိုပြန်ကြည့်ရတယ်။ ပြန်မကြည့်လို့မရဘူး။ ဒီတော့ လုံးဝကြီး ပပျောက်အောင်ဒါကို တိတိကျကျအရေးယူလို့ ရလားဆိုတော့မရပါဘူး။ သို့သော်လမ်းမကြီးတွေမှာ တိတိကျကျ လုပ်မယ်။ တစ်ဖက်ကလည်း လမ်းဘေးဈေးသည်ပ ပျောက်အောင် လုပ်နေသလို နောက်တဖက်ကလည်း အများပြည်သူရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားဝတ်နေရေး အဆင်ပြေအောင် ကော်မတီအနေနဲ့ စဉ်းစားပေးရတယ်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူးဦးသန်းက ပြောသည်။
အဆိုပါ လမ်းမကြီးလေးခုမှာ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကုန်သည်လမ်းမတန်း တစ်လျှောက်တွင် လမ်းဘေးဈေးသည်များ ရောင်းချမှုမရှိစေရေးကို ပထမဦးစားပေး အဆင့်ဖြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည်များ ပပျောက်အောင် လုပ်ဆောင်သည့် နေရာတွင် အဓိက လမ်းမကြီးများကို ဦးစားပေးလုပ်နေသော်လည်း ဈေးသည်များ၏ စားဝတ်နေရေးအဆင်ပြေ မှုရှိစေရေးအတွက် ရပ်ကွက်များရှိ လမ်းကြားများ၌ ဈေးသည်များကို ရပ်ကွက် လမ်းအနေအထားပေါ် မူတည်ညှိနှိုင်းပြီး ထွက်ပေါက်တစ်ခုအနေဖြင့် အဆင်ပြေသလိုဈေးရောင်းချခွင့် ပေးထားကြောင်း သိရသည်။
ယင်းသို့ ခွင့်ပြုထားခြင်းသည် ဈေးသည်များ၏ စားဝတ်နေရေးအဆင်ပြေစေရေး စဉ်းစားပေးထားခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် လမ်းဘေးဈေးသည်များကို ဈေးဆိုင်ခန်းများ ပေါ်ရောက်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။
သူရိန်ကျော်


