၁၇ ဇူလိုင်


ဒေါ်အေးမြင့်တစ်ယောက်ရုံးဆင်းပြီး မှတ်တိုင်တွင်လိုင်းကားကို စောင့်နေသော်လည်း ၄၅ မိနစ်ခန့်ကြာသည့်တိုင် လိုင်းကားပေါ်သို့ မရောက်နိုင်သေးပေ။


မိမိစီးနင်းမည့် လိုင်းကားများက လေးငါးစီး လာပြီးသော်လည်း မိမိရပ်စောင့်နေသည့် နေရာနှင့် အလှမ်းအကွာ၌ ရပ်လိုက်ကြသည့်အတွက် လိုင်းကားပေါ်သို့ မတက်နိုင်ခြင်းပင်ဖြစ်ပါသည်။


မှတ်တိုင်မှာ ဆူးလေဘုရားလမ်း၊ ဆူးလေအဝိုင်းနှင့် အနော်ရထာလမ်းဆုံ လူကူးတံတား အကြားတွင်ရှိသည့် မြောက်ဥက္ကလာပ၊ ဒဂုံတောင်ဘက်ဆီသို့သွားသည့် မှတ်တိုင်တွင် ဖြစ်သည်။


မှတ်တိုင်တွင် YBS ၃၊ ၂၈၊ ၂၉၊ ၈၇၊ ၃၆၊ ၇၈၊ ၆၁၊ ၁၂ လိုင်းကားများနှင့် မင်္ဂလာဒုံလေဆိပ်သို့သွားမည့် လိုင်းကားများရပ်ရာ မှတ်တိုင်ဖြစ်သည်။ အဓိက အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ကိုယ်စားပြု လိုင်းကားများဖြစ်သည်။


မှတ်တိုင်က တစ်နေရာတည်းဖြစ်သည်။ ဆူးလေအဝိုင်းမှ ကွေ့လာသော ခရီးသည်တင်ယာဉ်များ အဆက်မပြတ်လာသော်လည်း တစ်စီးနောက်ကတစ်စီး ဆင့်ရပ်ရသည့်အတွက် ခရီးသည်များနှင့် မိမိစီးလိုသည့်လိုင်းကားများမှာ များသောအားဖြင့် အချိတ်အဆက်လွဲနေတတ်ပြီး လိုင်းကားရပ်ရာဆီသို့ အပြေးအလွှား သွားကြရခြင်းဖြစ်သည်။ ကားအနားရောက်သွားသော်လည်း ရှေ့ကရောက်နှင့်သူ များပြားခြင်းကြောင့် တက်မရခြင်း၊ တံခါးပိတ်ပြန်လည်ထွက်ခွာသွားခြင်းကြောင့် ကျန်ခဲ့ခြင်းများနှင့် နေ့စဉ် ကြုံတွေ့နေရသည်။ မိမိရှေ့တည့်တည့်တွင်ရပ်လာပါက အလွန်ကံကောင်းသောနေ့တစ်နေ့ဟု ဆိုရမည်ဖြစ်သည်။


ကားဂိတ်အနီးတွင် "မြောက်ဥက္ကလာ-မြောက်ဥက္ကလာ" ဟု ခရီးသည်များကို တင်ခေါ်နေသည့်ကားငယ်လေးများရှိသော်လည်း ယာဉ်စီးခမှာ ကျပ် ၁၀ဝ၀ ဖြစ်သည်။ ဒေါ်အေးမြင့်က အစိုးရဝန်ထမ်းတစ်ဦး၊ ဤကဲ့သို့ အောက်ဆိုက်ကားလေးများကို နေ့စဉ်မစီးနိုင်၊ အသက်အရွယ်အားဖြင့်လည်း ပင်စင်နားနီးနေသော ဝန်ထမ်းဖြစ်သည်။ တစ်ခါတစ်ခါ ရုံးဆင်းရမှာကိုပင် ကြောက်လာသည်။ လိုင်းကားစီးရသည်မှာ နေ့စဉ်ပင်ပန်းလှသည်။ ဤအခက်အခဲက အမြန်ဆုံးလွတ်မြောက်ပါစေတော့ဟု အမြဲလိုလို ဆုတောင်းမိခဲ့သည်။


မ.ထ.သ မှသည် ဝိုင်ဘီအက်စ်သို့ ပြောင်းလဲခဲ့သည်မှာ နှစ်နှစ် ခြောက်လ ကျော်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ဝိုင်ဘီအက်စ် စတင်စဉ်က လိုင်းအရေအတွက်အားဖြင့် ၆၁ လိုင်းသာရှိသော်လည်း ယခုအခါ လိုင်းပေါင်း ၁၀ဝ ကျော်ရှိလာပြီဖြစ်သည်။ ယခုလည်း လိုအပ်သောနေရာများဆီသို့ လိုင်းကားများ တိုးချဲ့ပြေးဆွဲပေးလျက် ရှိနေသည်။


ထိုသက်တမ်းအတွင်း ကုမ္ပဏီပိုင်ကားအသစ်များအားလုံး အစားထိုးပြေးဆွဲပေးနိုင်ခြင်း မရှိသေးပေ။ ယခင် မ.ထ.သ လက်ကျန်ကားဟောင်း အကြီးအသေးများဖြင့် ဖြည့်စွက်ပြေးဆွဲ ပေးနေရဆဲပင်ဖြစ်သည်။ ပြေးဆွဲပေးရသည့် ခရီးလမ်းကြောင်း ပေါ်တွင်လည်း မူတည်သည်ဟု သိရသည်။


ကားကသန့်ရှင်း ပြဿနာကင်း


ကုမ္ပဏီကားများစီးရသည်မှာ ခရီးသည်များ စိတ်ချမ်းမြေ့မှု ရှိကြသည်။ တစ်စီးနှင့်တစ်စီး မိနစ်ပိုင်းမျှခြား၍ အဆက် မပြတ်လာတတ်သည်။ ကားအသစ်များဖြစ်ကြ၊ သန့်သန့်ရှင်းရှင်းရှိသည်။ ယာဉ်အကူမပါ ယာဉ်မောင်းတစ်ဦးတည်းဖြစ် ခြင်းကြောင့် ပြဿနာကင်းသလောက်ရှိသည်။


အချို့ယာဉ်လိုင်းများ ပြေးဆွဲရာလမ်းတစ်လျှောက် မှတ်တိုင် အသစ်များ အစားထိုးလာခြင်းကို တွေ့ရသည်။ ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်ခြင်းဖြစ်မည်။ နေပူပူ၊ မိုးရွာရွာ နားခိုရာ အဆင်ပြေလှသည်။ အညောင်းပြေ ခေတ္တထိုင်ရန်အတွက်ပါ စီစဉ်မှုများနှင့်ဖြစ်သည်။ ခရီးသည်နည်းသော၊ လိုင်းကားနည်း သောနေရာများအတွက် မှတ်တိုင်များမှာ အဆင်ပြေလှသည်။


ဒေါ်အေးမြင့်ကဲ့သို့ ပင်စင်နားနီးသော ဝန်ထမ်းများ၊ အခြား အသက်ကြီးရင့်သူ၊ အနည်းငယ် ကျန်းမာရေး မကောင်းသူများအတွက် ခရီးသည်များသော မြို့တွင်းမှတ်တိုင်များက မိမိအိမ်ပြန်ရောက်ဖို့ အပန်းကြီးလှသည်။ ကားရပ်ရာဆီသို့ တောင်ပြေး၊ မြောက်ပြေးနှင့် ကားပေါ်သို့ မရောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ စိတ်ပန်းကိုယ်နွမ်းလျက် ခရီးလမ်းက ပိုဝေးသည်ဟု ထင်မိသည်။


ယာဉ်ကြောကျပ်တည်းမှုလျှော့ချရေး


YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က "နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံကို ဦးဆောင် တာဝန်ယူတဲ့သူတွေက အလေးထား ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဓိကခရီးသည် ပို့ဆောင်ရေးကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ကူညီမှုက JICA လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက တိုင်းဒေသကြီးအစိုးရနဲ့ပူးပေါင်းပြီး ရန်ကုန်မြို့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်ကြော ကျပ်တည်းမှုလျှော့ချရေးကိစ္စများကို ဆောင်ရွက်နေပါတယ်" ဟု မီဒီယာတွေ့ဆုံပွဲတွင် ရှင်းပြခဲ့သည်။


ပူးပေါင်းဆောင်ရွက်မှု တစ်ခုအနေဖြင့် မြို့တော်ခန်းမရှေ့ (မဟာဗန္ဓုလလမ်း)နှင့် မြို့တော်ခန်းမဘေး (ဆူးလေဘုရားလမ်း) ရှိ မှတ်တိုင်များ၌ ဘတ်စ်ကားများ စနစ်တကျ ရပ်နားပြေးဆွဲ ရေးစီမံချက်]]ပိုင်းလော့ပရောဂျက်}}အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ရှင်းပြမှုအရ သိခဲ့ရသည်။


သို့အတွက် ယင်းဆူးလေဘုရားလမ်းမှတ်တိုင်တွင် မူလတစ်နေရာတည်း လိုင်းကားများစုရပ်ရာမှ သူ့လိုင်းနှင့်သူ၊ သူ့ခရီး သည်နှင့်သူ ခွဲခြားပေး၍ ရပ်တန့်စောင့်ဆိုင်းရန် စီစဉ်မှုများ ပြုလုပ်ပေးလာသည်ကို တွေ့ရသည်။


ဆူးလေမှတ်တိုင် မြို့တော်ခန်းမဘေးတွင် ဗီနိုင်းဘုတ်များ ထောင်ထားသည်။ "ဆူးလေမှတ်တိုင်မှာ ဘတ်စ်ကား ဘယ်လိုစီး ကြမလဲ" ခေါင်းစဉ်နှင့် ဖြစ်သည်။


ကြေညာထားမှုမှာ "ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် စီမံကိန်းအပိုင်းကဏ္ဍတစ်ရပ်မှ ယာဉ်များချောမွေ့စွာ သွားလာနိုင်ရန်နှင့် လမ်းလျှောက်ပြည်သူများ လုံခြုံမှုရှိစေရန် အဓိက ပိတ်ဆို့နေသော နေရာများတွင် ယာဉ်ကြောဆိုင်ရာ အသေးစား စီမံကိန်းပြုလုပ်မည်ဖြစ်သည်" ဟု ဖော်ပြထားသည်။


ကားအဝင်လမ်းကြောင်းခွဲခြား


ယာဉ်လိုင်း ကိုးလိုင်းမှ တစ်နာရီလျှင် ဘတ်စ်ကားအစီးရေ ၁၀ဝ ကျော် ဝင်ရောက်၍ ခရီးသည် အတင်အချ ပြုလုပ်ရသည့် မှတ်တိုင်အား ဘတ်စ်ကားအဝင်လမ်းကြောင်းများ ခွဲခြား ပြောင်းလဲသတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။


သူ့လိုင်းအလိုက် သူရပ်ရမည့်နေရာများကို စီမံလိုက်ခြင်း ဖြစ်ပြီး ခရီးသည်များ တစ်နေရာတည်း စုပြုံစောင့်ဆိုင်းစရာ မလိုတော့ပေ။ မိမိသွားရမည့် လိုင်းကားရပ်ရာဆီသို့ သွားရောက်၍ စောင့်ဆိုင်းပြီး လိုင်းကားလာပါက ဣရြေရ လှမ်းတက်သွား နိုင်ခြင်းပင်ဖြစ်သည်။


အခိုင်အမာတည်ဆောက်ရန် မဖြစ်နိုင်သေးသော မှတ်တိုင် များကို ယာယီရွက်ဖျင်တဲများ ထိုးထားပေးပြီး ပလတ်စတစ်ထိုင်ခုံများ ချထားပေးသည်။ ယခင်ကဲ့သို့ လိုင်းကားရပ်ရာ အဝေးဆီသို့ အပြေးအလွှား အလုအယက် သွားစရာမလိုတော့ပေ။ မိမိရပ် စောင့်ရာ အရှေ့သို့ ရောက်ရှိလာပြီဖြစ်၍ တံခါးဖွင့်သည်နှင့် လှမ်းတက်ရုံပင် ဖြစ်သည်။


သို့သော် ခရီးသွားအများစုသည် ဆန္ဒများလွန်ကဲကြသည်။ ဟိုးရှေ့က ဘတ်စ်ကားကွေ့လာသည်နှင့် မိမိရပ်စောင့်ရာ ပလက်ဖောင်းတွင် ရပ်မနေကြဘဲ ကားလမ်းပေါ်သို့ ဆင်း၍ ကားပေါ်သို့တက်ရန် ပြင်ဆင်ကြခြင်းပင်ဖြစ်သည်။


စည်းကမ်းလိုက်နာမှုအားနည်းဆဲ


ထိုအခါ ဘတ်စ်ကားက ခရီးသည်များ တိုက်မိမည်စိုး၍ ပလက်ဖောင်းနှင့် ခွာရပ်ရသည့်အတွက် နောက်ကလာသည့် ကားများပါရပ်ရပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိသည်။ YRTA အနေဖြင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ စေရေးအတွက် စနစ်တကျစီစဉ်ပေးသော်လည်း ခရီးသွား ပြည်သူအများစုမှာ စည်းကမ်းလိုက်နာမှု အားနည်းဆဲပင် ဖြစ်သည်။


ထို့အတူ မြို့တော်ခန်းမရှေ့ (မဟာဗန္ဓုလလမ်း)တွင်လည်း သူ့လိုင်းနှင့်သူခွဲ၍ ဘတ်စ်ကားများဝင်ရန် လမ်းကြောင်းများ သတ်မှတ်ထားပြီးသည်။


ခရီးသည်များ စောင့်ဆိုင်းရန်အတွက် သူ့လိုင်းကားနှင့်သူ မှတ်တိုင်နားခိုရာ အသီးသီးလုပ်ဆောင်ပေးထားပြီးဖြစ်သည်။ မြို့တော်ခန်းမ ရှေ့ မှတ်တိုင်၌ ၇၂၊ ၈၉၊ ၅၇၊ ၇၊ ၄ လိုင်းကားများ ခရီးသည်အတင်အချ ပြုလုပ်ပြေးဆွဲပေးလျက်ရှိသည်။


သို့အတွက် ခရီးသည်အတက်အဆင်းများပြားသော ညနေခင်းရုံးဆင်းချိန်ပင်လျှင် အခက်အခဲ ပြောပလောက်အောင် မတွေ့ရတော့ပေ။


မြို့ကြီးသားခရီးသွားများ


တစ်ဖန် သခင်မြပန်းခြံဘေးရှိ ၅၆ လိုင်းဂိတ်မှာ ပို၍ စနစ်ကျ လှပေသည်။ ထွက်မည့်ကားများက တန်းစီနေပြီး ခရီးသည်များ စနစ်တကျတန်းစီရန် အကာအရံများ ပြုလုပ်ထားသည်။ စုပြုံတိုး နေစရာမလိုပေ။ တစ်ယောက်နောက်က တစ်ယောက် တန်းစီပြီး ဣန္ဒြေရရ တက်သွားခြင်းဖြင့် မြို့ကြီးသားခရီးသွားများအဖြစ် စံနမူနာဖြစ်ပေသည်။


မြို့တွင်း၌သာမက ခရီးသွားများပြားသော သင်္ဃန်းကျွန်း စံပြဈေး မှတ်တိုင်တွင်လည်း ယာဉ်လိုင်း ၁၆ လိုင်းရှိရာ ရုံးဆင်း ရုံးတက်ချိန်၊ ဈေးအချိန်၌ တစ်နာရီ ဘတ်စ်ကားအစီး ၃၅၀ ခန့် ရပ်နားမှုရှိရာ ယခုအခါ သူ့လိုင်းနှင့် သူ့မှတ်တိုင်ခွဲခြား တည်ဆောက်ပေးမှုကြောင့် ခရီးသွားပြည်သူတို့အတွက် ဘတ်စ်ကားစီးရသည်မှာ ပိုမိုအဆင်ပြေမှုများရှိလာသည်ကို တွေ့ရသည်။


ထို့အတူ ဗဟန်းမြို့နယ် က္ဘာအေးဘုရားလမ်း ဂမုန်းပွင့်ကုန်တိုက် ရှေ့မှတ်တိုင်တွင်လည်း ယာဉ်လိုင်း ၁၄ လိုင်းရှိရာ သူ့လိုင်းနှင့်သူ့ ခရီးသည် မှတ်တိုင်များ ခွဲခြားပေးထားမှုကြောင့် ယာဉ်ကြောကျပ်တည်းမှုများ ယခင်ထက် အဆင်ပြေချောမွေ့ လာခဲ့သည်ကို တွေ့မြင်နေရသည်။


သို့အတွက် အထက်က YRTA တွဲဖက်အတွင်းရေးမှူး ဆိုသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ ပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုနှင့်အတူ YRTA ခေါ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အောက်ရှိ YBS ၏ အခန်းကဏ္ဍသည် နှစ်နှစ်နှင့် ခြောက်လ ကျော်သက်တမ်းအတွင်း တိုးတက်ခြင်းနှင့်အတူ ခရီးသွားပြည်သူများ၏အကျိုးကို သယ်ပိုးလျက်ရှိနေပါကြောင်း ထင်ဟပ်ရေးသား လိုက်ရပါသည်။ ။


တင်ဝင်းလေး(ကြည့်မြင်တိုင်)