မန္တလေး ၁၅ ဇူလိုင်


မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် တစ်ပေနှုန်း မြင့်တက်လာနိုင်ပြီး လာမည့် သုံးရက်မှ ငါးရက်အတွင်း မန္တလေးမြို့၏ အမြင့်ဆုံးစိုးရိမ်ရေမှတ်နားနီးကပ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည် ) မန္တလေးဌာနခွဲမှ သိရသည်။


လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် အမြင့်ဆုံးစိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး မန္တလေးမြို့တွင် မြစ်ရေများဆက်လက်မြင့်တက် လာနိုင်ကာ အမြင့်ဆုံးစိုးရိမ်ရေမှတ်နား နီးကပ်နိုင်ကြောင်း သိရသည်။ 


"စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၀ ပေနီးပါးတော့ လိုသေးပေမဲ့ နေ့စဉ်တစ်ရက်တစ်ပေ နှုန်းလောက်နဲ့ လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း ဆက်တက်နိုင်ပါတယ် မြစ်ရေမြင့်တက်လာမှုကို စောင့်ကြည့်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုဆွေ လုပ်ဆောင် နိုင်ရေးအတွက် သတိပေးနှိုးဆော်မှုတွေ လုပ်နေပါတယ်" ဟု အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။


ဧဝတီမြစ်ရေသည် မန္တလေးမြို့၏ အမြင့်ဆုံးစိုးရိမ်ရေမှတ်သို့ မရောက်ရှိသေးသော်လည်း မြစ်ရေမြင့်တက်လာမှုကို စောင့်ကြည့်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် နိုင်ရေးအတွက် သတိပေးနှိုးဆော်မှုများ စတင်ဆောင်ရွက်နေကြောင်းသိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် မိုးကာလ၌ ရေကြီးရေလျှံမှု စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့်မိသားစုအသုံးအဆောင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့်ပံ့ပိုးရေးပစ္စည်းများကို အိမ်ထောင်စု ၁၀ဝဝ စာအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပို့ဆောင်ရေးအရာရှိ ဦးကျော်ကျော်က ပြောသည်။


မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၃၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ် အဖြစ် ၁၉၇၄ ခုနှစ်တွင် ၁၃၄၂ စင်တီမီတာ၊ ဒုတိယအကြိမ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် ၁၃၈၂ စင်တီမီတာ၊ တတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ၁၃၂၅ စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    
သူရိန်လင်း