ရန်ကုန် ၁၃ ဇူလိုင်

ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ မြန်မာရေးရာ လေ့လာရေးအဖွဲ့(Centre for Myanmar Affairs Studies) က ကမ္ဘာရေးရာ ဆွေးနွေးပွဲများကို အပတ်စဉ် ကျင်းပ ပေးလျက်ရှိရာ ယနေ့  မွန်းလွဲပိုင်းတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာ တန်ဖိုးအလှည့်အပြောင်း ခေါင်းစဉ်ဖြင့် ဦးဇော်အောင်က ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြန်မာရေးရာ လေ့လာရေးအဖွဲ့(Centre for Myanmar Affairs Studies)က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများတွင် ပြည်သူများ အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးလျက်ရှိသောအစီအစဉ် ဖြစ်သည်။

ဆွေးနွေးပွဲတွင် ဦးဇော်အောင်က တရုတ်-မြန်မာစီးပွားရေး စင်္ကြံ တည်ဆောက်မှုနှင့်ဆိုင်သော စိန်ခေါ်မှုများ၊ အစိုးရသစ်လက်ထက် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား ချုပ်ဆိုခဲ့သော နားလည်မှု စာချွန်လွှာများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဘောင်များ၊ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များနှင့် အလွှာစုံ ချိတ်ဆက်ဆောင်ရွက်မှုများ၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းမ (China- Myanmar Economic Corridor–CMEC) ကို နှစ်နိုင်ငံအကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒေသတွင်းမဟာဗျူဟာတန်ဖိုး အလှည့်အပြောင်းကို ဆောင်ကြဉ်းပေးနိုင်မှု အခွင့်အလမ်း၊ တရုတ်နိုင်ငံ၏ ရပ်ဝန်း လမ်းကြောင်း မဟာဗျူဟာ စီမံကိန်း (Belt and Road Initiative – BRI) ဖော်ဆောင်မှု နှင့် မြန်မာဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့ တိုက်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှ နှစ်နိုင်ငံနိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအကြောင်းကို ဆွေးနွေးသည်။

ဦးဇော်အောင်က “သုတေသီတစ်ယောက်အနေနဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် ရပ်ဝန်း လမ်းကြောင်း မဟာဗျူဟာစီမံကိန်း (Belt and Road Initiative – BRI) ကို ၂၀၁၇ ခုနှစ်လောက်ထဲက စိတ်ဝင်တစား လေ့လာဖြစ်တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံရဲ့ တရုတ်နိုင်ငံခရီးစဉ်တွေမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းတွေကို နားထောင်ဖြစ်တယ်။ ၂ နှစ်တာအတွင်း နေရာမျိုးစုံမှာ ပြောင်းလဲတိုးတက်လာတဲ့ သတင်းအချက်အလက်တွေကို နားထောင်တယ်၊ ဖတ်မှတ်တယ်၊ လေ့လာတယ်။ နိုင်ငံတကာက BRI နဲ့ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးသုတေသနစာတမ်းတွေကို လေ့လာတယ်။  မြန်မာ့ရေးရာမှာ ပင်တိုင် ဆောင်းပါးတွေရေးဖြစ်တယ်။  ဒီစီမံကိန်း တွေနဲ့ပတ်သက်ပြီး ထင်မြင် ယူဆချက်အမျိုးမျိုးတွေ ထုတ်ပြန်နေတာဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး ကွဲလွဲနေတယ်ဆိုတာကို တွေ့ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လူထုကို ပြောပြချင်တယ်။ နိုင်ငံစုံပါဝင်တဲ့စီမံကိန်းဆိုတာကိုလည်း ပြောပြချင်တယ်။ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အပိုင်းနဲ့ ကုန်သွယ်မှုအပိုင်း နှစ်မျိုး မတူညီဘူး ဆိုတာကိုလည်း သိစေချင်တယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ  လက်လှမ်းမီတဲ့ သတင်းအချက်အလက်တွေစုစည်းပြီး လူထုကို ဒီကနေတစ်ဆင့် ပြည့်ပြည့်စုံစုံ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးတာပါ”ဟု ပြောသည်။

 

mdn

 

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

မြန်မာရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်က တရုတ်-မြန်မာစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် နားမလည်သေးတာတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ပိုပြီးနားလည်စေဖို့အတွက် ဒီလို ကမ္ဘာရေးရာဆွေးနွေးပွဲတွေ လုပ်ပြီး အသိပညာဖလှယ်တာပါ၊ နိုင်ငံတိုင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးခိုင်မြဲအောင်၊ စီးပွားရေးဖွံ့ဖြိုးအောင် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး လူထုနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်ပုံဖော်မှုတွေက အနည်းငယ်ကွဲလွဲမှုတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုတွေ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာရယ်၊ သွားသင့်တဲ့ လမ်းကြောင်းကို သွားနိုင်ဖို့အတွက် ဒီလို ဆွေနွေးပွဲတွေ နားထောင်ပြီး ဝေဖန်သုံးသပ်နိုင်ဖို့ကျင်းပတာဖြစ်ပါတယ်၊ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိမယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်(၁၆)ရက်ကလည်း တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၊ ယီမင်စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာများခေါင်းစဉ်ဖြင့် ကမ္ဘာရေးရာ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကမ္ဘာတွင် လတ်တလောဖြစ်နေသည့် အကြောင်းအရာများပေါ် မူတည်ပြီး ကမ္ဘာရေးရာဆွေးနွေးပွဲများကို အခါ အားလျော်စွာ ပုံမှန်ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဆွေးနွေးသူ ဦးဇော်အောင်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံတကာဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိခဲ့ပြီး မြန်မာ့ရေးရာစာအုပ်တွင် သုတေသန ဆောင်းပါးများ ရေးသားလျက်ရှိပြီး လက်ရှိတွင် ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနစာပေများကို ရေးသားလျက်ရှိသည်။

ယနေ့ ဆွေးနွးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စာပေချစ်မြတ်နိုးသူများ၊ ကမ္ဘာရေးရာ လေ့လာ သူအများနှင့်စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရတီ