အောင်မြေသာစံ ၁၁ ဇူလိုင်


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၁လမ်းနှင့် ၂၃လမ်းထောင့်ရှိ အမှတ်(၂၁) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ယနေ့နံနက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ယုလွှာဟိန်း၊ ကျန်းမာရေးမှူး ဦးတင်ထွန်းတို့နှင့် သူနာပြု ဆရာမများသည် အ.မ.က(၂၁)ရှိ ကျောင်းသား၊ ကျောင်းသူ (၃၉၇)ဦးကို တစ်ယောက်ချင်း တစ်ကိုယ်ရေသန့်ရှင်းရေးမှအစ စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များကို ကုသလမ်းညွှန်မှုပေးခဲ့သည်။


ထို့နောက် ကျန်းမာရေးမှူး ဦးတင်ထွန်းက ကျောင်းသား၊ ကျောင်းသူများကို တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်ဆေးခြင်းအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး အဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်ယုလွှာဟိန်းက ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ အကြောင်းများကို ကြိုတင်ကာကွယ်ကုသ နိုင်ရေးအတွက် ဟောပြောခဲ့သည်။ 


ခင်ခင်ဝင်း(ပညာရေး)