တီဟီရန် ဇွန် ၁၃
အီရန်နှင့်အမေရိကန်အကြား စစ်ပွဲပြီးဆုံးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မကြာမီရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီက ဇွန် ၁၂ ရက်တွင် ပြောကြားသည်။
သဘောတူညီချက်ရရှိရေး ဆောင်ရွက်
လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်းကာလတွင် စစ်ပွဲထပ်မံမဖြစ်ရေးအတွက် နှစ်ဖက်စလုံးက ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကာ ထိုမှတစ်ဆင့် နောက်ဆုံးအဆင့် သဘောတူညီချက်ရရှိရေး ဆောင်ရွက်မည်ဟု သိရသည်။
နောက်ဆုံးအဆင့် သဘောတူညီချက်တွင် အီရန်နျူကလီးယားအရေးနှင့် အရေးယူပိတ်ဆို့မှုများဖယ်ရှားရေးတို့ကို အလေးထားဆွေးနွေးမည်ဖြစ်သည်။ ယူရေနီယံသတ္တုများကို အီရန်နယ်မြေအတွင်း အားပျော့သွားအောင် ဆောင်ရွက်ခြင်းကိုသာ လက်ခံမည်ဟု အီရန်ကပြောကြားသည်။
ယခုလက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာအရ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲပြီးဆုံးရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ဘနွန်၏ နယ်မြေများမှ အစ္စရေးတပ်ဖွဲ့များဆုတ်ခွာခြင်းပြုရန်လည်း ပန်ကြားထားသည်။ ထို့အပြင် ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေး၊ ရေတပ်ပိတ်ဆို့မှုဖယ်ရှားရေးနှင့် အီရန်နိုင်ငံပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ရေးတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ


